ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် Covid-19 ဖြစ်ပွားမှုကြောင့် Stay Home ကာလတွေအတွင်း ဂိမ်းကစားခြင်းနှင့် Esports Industry အပေါ် ပိုမိုစိတ်ဝင်စားမှုများ ဖြစ်ပေါ်လာခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း Covid-19 ကာလအတွင်း PUBG MOBILE၊ DOTA 2၊ League of Legends စသည့် PC Game များ၊ Mobile Game များကို ဆော့ ကစားသူများ ပိုမို များပြားလာမှုနှင့် အတူ Esports Industry အပေါ် စိတ်ဝင်စားမှုမှာလည်း တရှိန်ထိုး မြင့်မားလာခဲ့သည်။

PUBG MOBILE ၏ စစ်တမ်းများအရ Covid-19 ကာလအတွင်း မြန်မာနိုင်ငံတွင် အွန်လိုင်းဂိမ်းကစားသူ ဦးရေမှာ နှစ်သောင်းကျော်ခန့်ထိ တိုးလာခဲ့ကာ Esports Industry တွင်လည်း နှစ်စဥ်နှစ်တိုင်း ၁၀၀ ရာခိုင်နှုန်းအထိ ဂိမ်းကစားသူများ တိုးတက်လာကြောင်း PUBG က လေ့လာတွေ့ရှိခဲ့သည်။

မြန်မာနိုင်ငံ၏ Esports တွင် နေရာတစ်ခု အခိုင်အမာရရှိထားသော PUBG MOBILE (PlayerUnknown’s Battlegrounds Mobile ဂိမ်းကစားသူများတွင် ယောက်ျားလေးများသာမက မိန်းကလေးများလည်း ပိုမိုပါဝင်လာကြပြီး မိန်းကလေး ၂၀ ရာခိုင်နှုန်းနှင့် ယောက်ျားလေး ၈၀ ရာခိုင်နှုန်း ဝင်ရောက် ကစားခဲ့ကြသည်။ ထို့ပြင် Esports အသင်းများလည်း အများအပြား ပေါ်ပေါက်လာခဲ့ပြီး နောက်ဆုံးကျင်းပခဲ့သော PUBG Mibile Myanmar Championship ပြိင်ပွဲတွင် အသင်းပေါင်း ၁,၂၀၀ ကျော် စာရင်းပေးသွင်းခဲ့ကာ ရန်ကုန်မှ ၃၅ ရာခိုင်နှုန်း၊ မန္တလေးမှ ၂၅ ရာခိုင်နှုန်းနှင့် ကျန်ရာခိုင်နှုန်းများမှာ အခြားမြို့များမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

PUBG သည် မြန်မာနိုင်ငံ Gamer များအတွက် ဒေသတွင်း ပြိင်ပွဲများသာမက နိုင်ငံတကာအထိ တက်ရောက်နိုင်မည့် ပြိုင်ပွဲများလည်း ကျင်းပပေးလျက်ရှိရာ အရှေ့တောင်အာရှဒေသအတွင်း PUBG MOBILE ၏ အကြီးမားဆုံး နိုင်ငံတကာအဆင့် ပြိုင်ပွဲကြီးများ ဖြစ်သည့် PMCO (PUBG MOBILE Club Opens) SEA Final ၊ PMPL (PUBG Mobile Pro League) စသည့် ပြိုင်ပွဲများတွင် အခြားနိုင်ငံ လက်ရွေးစင် အသင်းများနှင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ပြိုင်ပွဲများ ကျင်းပြုလုပ်ပေးလျက်ရှိသည်။

“မြန်မာနိုင်ငံက အသင်းတွေက ဒီနှစ်တွေအတွင်း အရမ်းတိုးတက်လာတာကို အားရဖွယ် မြင်တွေ့ခဲ့ရပါတယ်။ မြန်မာနိုင်ငံ လက်‌‌ရွေးစင်အသင်းအတွက် ဒီနှစ်ကစပြီး SEA Qualifiers မှာ Direct Spot ကို ပေးသွားမှာပါ။ နိုင်ငံတကာနဲ့ ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်ဖို့ကို Professional Tournaments တွေကို ပါဝင်တက်လှမ်းနိုင်စေမယ့် အခြေခံ ပြိုင်ပွဲတွေလည်း အများကြီး ကျင်းပပေးဖို့ အစီအစဉ် ရှိပါတယ်။ နိုင်ငံတကာအဆင့် ပွဲတွေမှာလည်း အရင်နှစ်တွေကလို ကောင်းမွန်တဲ့ ရလဒ်တွေ ရယူလာနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု PUBG MOBILE ၏ ကုမ္ပဏီ Tencent Thailand ၏ Head of Gaming Operations ဖြစ်သူ Mr. Andrew Manugian က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် Esports ပြိုင်ပွဲများမှာ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နည်းပါးနေသေးသော်လည်း ပြည်တွင်း ပြိုင်ပွဲများ ပိုမို ကျင်းပပေးကာ အရည်အသွေးမြှင့်တင် လေ့ကျင့်ရင်း နိုင်ငံတကာအဆင့်အထိ ရောက်ရှိသည့် ကစားသမားများအတွက် Esports ကို အလုပ်အကိုင် Career တစ်ခုအဖြစ် ရပ်တည်နိုင်လာမည်ပင်ဖြစ်သည်။ ထိုအခါ Team များ၊ အဖွဲ့အစည်းများလည်း ပိုမိုများပြားလာမှာဖြစ်ကာ Full-time ကစားသမားကိုလည်း ပိုမို မြင်တွေ့လာရဖွယ်ရှိနေသည်‌။

နိုင်ငံတကာတွင် လူကြိုက်အများဆုံး Esports ဂိမ်းတစ်ခုအဖြစ် ဦးဆောင်နေသော PUBG MOBILE သည် မြန်မာနိုင်ငံ Esports ဂိမ်းကဏ္ဍ၏ အလားအလာကောင်းသော တိုးတက်မှုများနှင့်အတူ မြန်မာလူငယ် ကစား သမားများ၏ အရည်အချင်းကို တွေ့မြင်ခဲ့ရပြီးနောက် မြန်မာနိုင်ငံ Esports ဂိမ်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ မြန်မာနိုင်ငံတွင် Esports အသိုက်အဝန်း တစ်ခု အခိုင်အမာဖြစ်တည်လာရန်၊ မြန်မာလူငယ်ကစားသမားများ၏ အရည်အသွေးကို ပိုမိုမြှင့်တင်ပေးပြီး နိုင်ငံတကာအဆင့် ပြိုင်ပွဲများအထိ ခေါ်ဆောင်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၉ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံတွင် Online/Offline ဂိမ်း ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့လျက်ရှိသည်။

Source – PUBG Mobile