Facebook ဟာ အသုံးပြုသူတွေအတွက် Account တစ်ခုတည်းမှာ Profile တစ်ခုထက်ပိုပြီး ပြုလုပ်ထားနိုင်တဲ့ Option သစ်ကို စမ်းသပ်နေတယ်လို့ သိရပါတယ်။ ဒီအကြံဉာဏ်ရဲ့ နောက်ကွယ်ကအကြောင်းရင်းဟာ အသုံးပြုသူတွေအနေနဲ့ ချိတ်ဆက်လိုတဲ့ Group တွေအလိုက် Profile တွေ ခွဲထားနိုင်ဖို့ ရည်ရွယ်တယ်လို့လည်း သိရပါတယ်။

ဥပမာအားဖြင့် အသုံးပြုသူဟာ သူငယ်ချင်းတွေအတွက် Profile တစ်မျိုးထားပြီး လုပ်ဖော်ကိုင်ဖက်တွေအတွက်ကျတော့ နောက်ထပ် Profile တစ်ခုထားတာမျိုး ဖြစ်ပါတယ်။ Facebook ရဲ့ Feature သစ်ဟာ “အသုံးပြုသူတွေရဲ့ Interests နဲ့ Relationships တွေပေါ်အခြေခံပြီး သူတို့ရဲ့ သုံးစွဲရမှုအတွေ့အကြုံကို အံဝင်ခွင်ကျဖြစ်အောင် ပြုလုပ်ထားတာဖြစ်တယ်” လို့ TechCrunch က မှတ်ချက်ပေးထားပါတယ်။

လက်ရှိအချိန်မှာတော့ ကုမ္ပဏီဟာ အသုံးပြုသူအနည်းငယ်နဲ့အတူ ဒီ Feature ကို စမ်းသပ်နေတယ်လို့သိရပြီး၊ ဒီစမ်းသပ်မှုမှာပါဝင်သူတွေဟာ Account တစ်ခုတည်းနဲ့ Profile ငါးခုအထိ ဖန်တီးနိုင်ပြီလို့ သိရပါတယ်။ အကယ်၍ နံပတ်တွေနဲ့ Special characters တွေမပါဝင်သ၍ Profile တစ်ခုစီတိုင်းမှာ မတူညီတဲ့ Profile Name နဲ့ Username တစ်ခုစီ ထားရှိနိုင်မှာဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Main Profile ကတော့ အသုံးပြုသူရဲ့ နာမည်အစစ်အမှန်ရှိနေဖို့ လိုအပ်ပါတယ်။ အလွဲသုံးစားလုပ်ခြင်းကို ကာကွယ်ဖို့အတွက် နောက်ထပ် Profile အားလုံးကို သူ့ရဲ့မူဝါဒတွေအတိုင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အသုံးပြုသူရဲ့ Identity ကို လွဲမှားစွာဖော်ပြဖို့ သုံးတာ၊ ဒါမှမဟုတ် အခြားသူအဖြစ် အယောင်ဆောင်ဖို့ သုံးတာမျိုးလုပ်လို့မရဘူးလို့ ဆိုပါတယ်။

အကယ်၍ သတ်မှတ်ချက်တွေကို ချိုးဖောက်ရင်တော့ နောက်ထပ် Profile တွေကို Flag လုပ်မှာဖြစ်ပြီး ဒါဟာ Main Account ပေါ်ကိုလည်း သက်ရောက်မှုဖြစ်လာမယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ စမ်းသပ်ဆဲသာဖြစ်ပြီး အမှန်တကယ် ထုတ်ပေးမယ်၊ မထုတ်ပေးဘူးဆိုတာကိုတော့ မသိရသေးတာလည်း ဖြစ်ပါတယ်။

Ref: XDA Developers