Esports ပြိုင်ပွဲကြီးတွေကို ကျင်းပလေ့ရှိတဲ့ ESL ဟာ မေလထဲမှာ ကျင်းပဖို့ရှိတဲ့ ESL One Rio Major CS:GO ပြိုင်ပွဲကို နိုဝင်ဘာ ၁၉ – ၂၂ ရက်နေ့ထိ ရွှေ့ဆိုင်းလိုက်ပါတယ်။ အကြောင်းရင်းကတော့ တစ်နေ့တခြားဆိုးဝါးလာတဲ့ COVID-19 ကူးစက်မှုကြောင့် လာမယ့်လအနည်းငယ်အတွင်းမှာလည်း ပြိုင်ပွဲကျင်းပနိုင်ဖို့ မသေချာသေးလို့ပါ။

Valve မှ ပိုင်ဆိုင်တဲ့ CS:GO (Counter-Strike: Global Offensive) ဂိမ်းဟာ ဆယ်စုနှစ်ကျော် လူကြိုက်များလာတဲ့ ကောင်တာဂိမ်းရဲ့ နောက်ဆုံးထွက်ဖြစ်ပြီး Valve ရဲ့ Steam ဂိမ်းပလက်ဖောင်းမှာ အခမဲ့ဆော့ကစားနိုင်ပါတယ်။ နာမည်ကျော် Dota 2 ဂိမ်းဟာ တစ်နှစ်ကိုတစ်ခါ The International ဆိုပြီး တစ်ကမ္ဘာလုံးက Esports အသင်းတွေပါဝင်တဲ့ ပြိုင်ပွဲကြီးကို ကျင်းပလေ့ရှိသလိုပဲ CS:GO မှာလည်း Major ပွဲတွေကို တစ်နှစ်ကိုနှစ်ခါကျင်းပလေ့ရှိပါတယ်။

မေလနဲ့ နိုဝင်ဘာလတွေမှာ ကျင်းပတဲ့ ကောင်တာ Major ပြိုင်ပွဲတွေမှာ တစ်ခုကို ဆုကြေးငွေစုစုပေါင်း ဒေါ်လာတစ်သန်း ချီးမြှင့်လေ့ရှိပါတယ်။ အခုတော့ မေလအတွင်းကျင်းပရမယ့် Major ပွဲကို ဖျက်သိမ်းလိုက်ပြီး နိုဝင်ဘာမှာ နှစ်ခုစာပေါင်းကျင်းပမယ့်အတွက် အဆိုပါပွဲဟာ စုစုပေါင်းဆုကြေးငွေ အမေရိကန်ဒေါ်လာ ၂ သန်းချီးမြှင့်သွားမှာပါ။

အခုမေလပြိုင်ပွဲအတွက် လက်မှတ်ကြိုဝယ်ထားတဲ့ ပရိသတ်တွေဟာလည်း သူတို့ရဲ့လက်မှတ်တွေကို လာမယ့် နိုဝင်ဘာလမှာကျင်းပမယ့် မေဂျာပြိုင်ပွဲအတွက် ဆက်သိမ်းပြီး အသုံးပြုနိုင်တယ်လို့ဆိုပါတယ်။ တကယ်လို့ မလိုချင်ရင်လည်း Refund ပြန်တောင်းခံနိုင်မှာပါ။

Valve ဟာ အခုနှစ်အစောပိုင်းမှာ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်အတွက် Major ပွဲတွေကို မေလနဲ့ နိုဝင်ဘာလတွေမှာ ကျင်းပဖို့ ကြေညာခဲ့တာပါ။ နိုဝင်ဘာ Major အတွက် Host လုပ်မယ့် အဖွဲ့အစည်း အခုထိမရှိသေးတာကြောင့် ESL ကပဲ ဆက်လက်ပြီး ကျင်းပသွားနိုင်ပါတယ်။

Ref – ONE Esports