Apple ဟာ လက်ရှိအချိန်မှာ iPhone 13 Series ကို ရောင်းချနေဆဲဖြစ်ပြီး လာမယ့် စက်တင်ဘာလအတွင်းမှာတော့ iPhone 14 Series အသစ်ကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။ iPhone 13 Series ဟာ တရုတ်နိုင်ငံအပြင် တကမ္ဘာလုံးစျေးကွက်မှာ ရောင်းအားကောင်းနေသလိုပဲ လာမယ့် iPhone 14 Series ဖုန်းတွေဟာလည်း အထူးသဖြင့် တရုတ်နိုင်ငံအတွင်းမှာ ဝယ်လိုအားပိုမြင့်တက်မယ်ဆိုပြီး Apple Analyst တစ်ဦးဖြစ်တဲ့ Ming-Chi Kuo ကနေ ခန့်မှန်းလိုက်ပါတယ်။

Ming-Chi Kuo ကနေ အခုလိုမျိုး ပြောကြားလိုက်တာက လက်ရှိအချိန်မှာ တရုတ်နိုင်ငံတွင်းမှာရှိတဲ့ Supplier တွေနဲ့ Retailer တွေဟာ iPhone 14 ဖုန်းတွေရောင်းချနိုင်ဖို့အတွက် ပိုမိုများပြားတဲ့ စရံငွေကို ပေးချေနေတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ တချို့သော Region တွေမှာဆိုရင် ပုံမှန်ထက် ၂ ဆအထိ စရံငွေပေးချေနေကြတာဖြစ်ပါတယ်။

Apple ဟာ ပုံမှန်အားဖြင့် တရုတ်နိုင်ငံအတွင်းမှာ လူကြိုက်များပြီး အရောင်းရဆုံး Brand တစ်ခုအနေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ အခုလိုမျိုး iPhone 14 Series ဖုန်းတွေရဲ့ ဝယ်လိုအားပိုမြင့်မားမယ်ဆိုတာကလည်း နောက်ဆုံးသိရှိရတဲ့သတင်းတွေအရ Apple ဟာ iPhone 14 Pro ဖုန်းတွေမှာ Notch အစား Design ပြောင်းလဲမှုတွေကို ပြုလုပ်သွားပြီး အဆင့်မြှင့်တင်ထားမှာကြောင့်လို့ ယူဆရပါတယ်။

iPhone 14 Series ဖုန်းတွေဟာ လာမယ့် ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်ပိုင်းမှာတင် အလုံးရေ သန်း ၉၀ မှ သန်း ၁၀၀ အတွင်း ရောင်းချရမယ်ဆိုပြီး ခန့်မှန်းထားတာဖြစ်ပါတယ်။ ဒါကြောင့် တကယ်တမ်းမှာ ရောင်းအားက ဘယ်လောက်ထိရှိနိုင်မလဲဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမှာပါ။

Ref – Gizmo China