DJI ဟာ Drone တွေထုတ်လုပ်တဲ့နေရာမှာ နာမည်ကြီးပြီး အခုနောက်ပိုင်းမှာ Osmo Series Handheld Gimbal Stabilizer တွေကိုပါ ဆက်တိုက်မိတ်ဆက်လာတာဖြစ်ပါတယ်။ အခုလည်း စမတ်ဖုန်းတွေနဲ့ တွဲဖက်အသုံးပြုရမယ့် Osmo Mobile 4 Gimbal Stabilizer ရဲ့ သတင်းတွေ ပေါက်ကြားလာခဲ့ပြန်ပါပြီ။

အဆိုပါ Osmo Mobile 4 ဟာ ယခင်တုန်းက Osmo Mobile တွေနဲ့ အဓိကကွာခြားသွားတာကတေ့ာ ဖုန်းကို ချိတ်ဆက်တဲ့နေရာမှာပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပုံမှန် Mobile Gimbal တွေလိုမျိုး ဖုန်းကို Clip နဲ့ ညပ်မယ့်အစား နောက်ဖက်က Magnet တစ်ခုနဲ့ပဲ ငြိမ်နေအောင် ထားထားမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဖုန်းမှာတပ်ဆင်ရမယ့် Magnet ဟာ အားကောင်းပြီးတော့ Osmo Mobile 4 နဲ့ အသုံးမပြုနေတဲ့အချိန်မှာလည်း Phone Holder တစ်ခုအနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

နောက်ထပ် Osmo Mobile 4 မှာ အသစ်ပါဝင်လာမယ့် Feature တစ်ခုကတော့ DynamicZoom ဖြစ်ပြီးတော့ ပုံမှန် Zoom တွေထက် ပို Smooth ဖြစ်သလို Cinema-grade Zooming ကို ရရှိစေမယ်လို့ သိရပါတယ်။ Object နဲ့ လူတွေကို Track ပြုလုပ်တဲ့နေရာမှာ အဆင့်မြှင့်တင်ထားတဲ့ ActiveTrack 3.0 နဲ့ HyperLapse လိုမျိုး Feature တွေလည်း ပါဝင်ဦးမှာဖြစ်ပါတယ်။

ကျန်တဲ့ Feature တွေအနေနဲ့ကတော့ Osmo Mobile 3 လိုမျိုးပဲ မသုံးတဲ့အချိန်မှာ ခေါက်သိမ်းထားနိုင်မှာဖြစ်ပြီး Tripod အနေနဲ့ အသုံးပြုနိုင်တဲ့ Accessory ကိုလည်း ရောင်းချသွားမှာဖြစ်ပါတယ်။ Battery အနေနဲ့ကတော့ 2450mAh Battery ပါဝင်မှာဖြစ်ပြီး ၁၅ နာရီဆက်တိုက်အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ အားသွင်းတဲ့အချိန်မှာ USB-C Port ကိုအသုံးပြုထားတဲ့အပြင် Bluetooth 5.0 ကိုပါ အသုံးပြုထားတာဖြစ်ပါတယ်။

စျေးနှုန်းအနေနဲ့ €150 (မြန်မာငွေ ၂ သိန်း ၄ သောင်း) ဝန်းကျင်နဲ့ မကြာခင်မှာ တရားဝင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – Gizmo China