အခုနှစ် Dota 2 Battle Pass ဝယ်ယူသူတွေအတွက် Pudge နဲ့ Anti Mage Persona Skin နှစ်ခုကို Level 300 ပတ်ဝန်းကျင်မှာ ပေးထားတာက WK, Wind Ranger, QOP Arcana တွေလိုပဲ အတော်လေး ဆွဲဆောင်မှုပြင်းတဲ့ မက်လုံးပါ။

ယနေ့မှာတော့ Dota Developer တစ်ဦးဖြစ်တဲ့ Eul က “Wei” လို့ အမည်ပေးထားတဲ့ မိန်းကလေး Anti Mage Persona ကို မကြာခင် ထုတ်လွှင့်ပေးတော့မယ်လို့ ကြေညာခဲ့ပြီး ပုံမှန်အားဖြင့် ယောက်ျားဟီးရိုးဖြစ်တဲ့ Anti Mage အတွက် “The Disciple’s Path” ဆိုတဲ့အမည်နဲ့ Persona Skin အသစ်ဟာ ဟီးရိုးပုံတစ်ခုလုံးကို မိန်းမအသွင်ပြောင်းသွားစေမယ့် Item တစ်ခုပါ။

အမည်ရင်း Kyle Sommer ဖြစ်တဲ့ “Eul” ဆိုတဲ့အမည်ဟာ သက်တမ်းရင့် Dota ကစားသမားတွေအတွက်တော့ ရင်းနှီးနေတဲ့ အမည်တစ်ခုပါ။ IceFrog က ပဲ့မကိုင်ခင်မှာ Eul ဟာ Warcraft 3 ဂိမ်းထဲက DotA (Defense of the Ancients) Mod မြေပုံကို မူလဖန်တီးခဲ့သူဖြစ်ပါတယ်။

Eul ဟာ Starcraft ထဲက Custom Map တစ်ခုဖြစ်တဲ့ Aeon of Strife (AoS) ကို အတုယူပြီး Warcraft 3 အတွက် Dota ကို ဖန်တီးခဲ့တာပါ။ Dota နဲ့ Dota 2 ဂိမ်းတွေထဲက Eul’s Scepter of Divinity ဆိုတဲ့ Item ဟာ သူ့ကို ရည်ရွယ်ဂုဏ်ပြုပြီး ပေးထားတာဖြစ်ပါတယ်။ Valve က ၂၀၁၂ ခုနှစ်မှာ Eul ကို အလုပ်ခန့်ခဲ့ပါတယ်။

Eul ရဲ့ ပိုစ့်ထဲမှာ Dota 2 သမိုင်းတလျှောက် အမှတ်ရဆုံး ကာလတွေထဲက တစ်ခုဖြစ်တဲ့ Ti3 ကာလမှ Team DK နဲ့ Alliance တို့ရဲ့ ပွဲကို ပြန်ရည်ညွှန်းထားပါတယ်။ အဆိုပါပွဲမှာ တရုတ်ဂန္တဝင်ကစားသမား BurNing ဟာ တစ်ကိုယ်တော် Anti Mage အစွမ်းနဲ့ Alliance ကို ရှုံးပွဲတွေ့စေခဲ့တာပါ။ Alliance ဟာ BurNing ကို ဒူးမထောက်ရခင် ရှေ့ကဆော့ထားတဲ့ ပွဲစဉ် ၂၄ ပွဲဆက်တိုက်အနိုင်ရရှိထားခဲ့တာ ဖြစ်ပါတယ်။

Anti Mage Persona အသစ်ကို Battle Pass Level 305 ရောက်ရှိသူတိုင်း လက်ခံရရှိမှာဖြစ်ပါတယ်။ Ti10 Battle Pass ကို ၂၀၂၀ မေလ ၂၅ ရက်နေ့မှာ စတင်ရောင်းချခဲ့ပြီး အဲဒီကနေ ရရှိတဲ့ ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို Ti10 ဆုကြေးငွေထဲ ပေါင်းထည့်ရာမှာ အခုဆိုရင် သမိုင်းတလျှောက် တတိယမြောက်အများဆုံး Esports ပြိုင်ပွဲ ဆုကြေးငွေ ဖြစ်နေပါပြီ။

Ref – AFKGaming