Dota 2 ဂိမ်းရဲ့ တစ်နှစ်တစ်ခါ ကျင်းပလေ့ရှိတဲ့ The International ပြိုင်ပွဲကြီးဟာ နှစ်စဉ်တိုင်း Esports ပြိုင်ပွဲတစ်ခုမှာ ပေးအပ်ချီးမြှင့်တဲ့ ဆုကြေးငွေ စံချိန်ကို ချိုးဖျက်လေ့ရှိပြီး ဒီနှစ်မှာလည်း COVID-19 ကပ်ဘေးကြောင့် ပြိုင်ပွဲကို ဖျက်သိမ်းခဲ့ရပေမယ့် ဒီဓလေ့ကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။

Ti10 (The International 2020) အတွက် ထုတ်ရောင်းချတဲ့ Battle Pass, Treasure Box တွေကနေ ရရှိတဲ့ ငွေရဲ့ လေးပုံတစ်ပုံကို ဆုကြေးငွေထဲ ပေါင်းထည့်လာတာ ယခုမှာ အမေရိကန်ဒေါ်လာ ၃၄.၃၃ သန်း ကျော်လွန်သွားခဲ့ပါပြီ။ လက်ရှိ အမြင့်ဆုံး စံချိန်ကလည်း မနှစ်က ကျင်းပခဲ့တဲ့ Dota 2 Ti9 ပြိုင်ပွဲပဲ ဖြစ်ပြီး စုစုပေါင်း ဒေါ်လာ ၃၄,၃၃၀,၀၆၈ ဖြစ်ပါတယ်။

ဩဂုတ်လ ၂၆ ရက်နေ့မှာ Ti10 Prize Pool ဟာ Ti9 ဆုကြေးငွေထက် ဒေါ်လာ သိန်းဂဏန်း အနည်းငယ် ကျော်လွန်နေပြီ ဖြစ်ကာ Battle Pass နဲ့ Level တွေကို စက်တင်ဘာ ၁၉ ရက်နေ့ထိ ရောင်းချသွားမှာ ဖြစ်လို့ ထပ်မြင့်တက်လာနိုင်ပါသေးတယ်။ Valve ဟာ အခုနှစ်အတွက်လည်း Ti10 Battle Pass ဝယ်ယူသူတွေအတွက် Treasure Box ၃ ခု ထည့်သွင်းပေးထားပြီး နောက်ဆုံး Treasure Box 3 ကို ထုတ်မပေးရသေးပါဘူး။

Ti9 တုန်းက အနိုင်ရသူ OG အသင်းဟာ ဆုကြေးငွေ စုစုပေါင်းရဲ့ ၄၄% ကို လက်ခံရရှိခဲ့တာကြောင့် ကစားသမား ငါးယောက် ကြားမှာ ဒေါ်လာ ၁၅ သန်းကျော်ကို ဝေမျှ ပိုင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ Fortnite World Cup ပြိုင်ပွဲဟာ ဆုကြေး ဒေါ်လာသန်း ၃၀ ပေးပြီး Esports လောကရဲ့ အာရုံစိုက်မှုကို ရယူခဲ့သေးပေမယ့် လက်ရှိ ဆုကြေးငွေ အများဆုံး Esports ပြိုင်ပွဲ ငါးခုမှာ လေးခုက Dota 2 The Internationals ပြိုင်ပွဲများသာ ဖြစ်ပါတယ်။

တကယ်လို့ Ti9 ဆုကြေးငွေ စံချိန်ကို ကျော်လွန်ခဲ့ရင် Battle Pass ဝယ်ယူထားသူအားလုံးဟာ Level 10 ခု လက်ဆောင်ရရှိမှာဖြစ်ကာ ဒေါ်လာသန်း ၄၀ ကျော်ခဲ့ရင် နောက်ထပ် 10 Levels ထပ်ရဦးမယ်လို့ Valve က ကြေညာထားပေမယ့် အခုပုံစံအတိုင်းကတော့ သန်း ၄၀ ကျော်ဖို့ ခက်ခဲပါတယ်။

Ref – AFKGaming