Ti10 Battle Pass အတွက် Level တင်ဖို့ Weekend Bundle ကို ရောင်းချပြီးတဲ့နောက်မှာတော့ Dota 2 ရဲ့ အမြင့်ဆုံးပြိုင်ပွဲကြီး Ti10 အတွက် စုစုပေါင်းဆုကြေးငွေ ပမာဏဟာ ဒေါ်လာသန်း ၂၀ ကိုကျော်လွန်သွားခဲ့ပါပြီ။ ဒါတင်မကဘဲ The International (Ti) ဂိမ်းပြိုင်ပွဲ သမိုင်းတလျှောက် အမြန်ဆုံး ဆုကြေးငွေသန်း ၂၀ ပြည့်တဲ့ စံချိန်သစ်ကိုပါ ရရှိခဲ့ပါတယ်။

Valve ဟာ တစ်နှစ်တစ်ကြိမ် Dota 2 The International ပြိုင်ပွဲကို ကျင်းပပေးလေ့ရှိပြီး Ti Season တစ်ခုအတွက် ရောင်းချပေးတဲ့ Battle Pass တွေကနေ ရရှိတဲ့ဝင်ငွေရဲ့ လေးပုံတစ်ပုံကို ဆုကြေးငွေထဲ ပေါင်းထည့်လေ့ရှိပါတယ်။

Weekend Bundle ဆိုတာကတော့ ဒီ Battle Pass တွေကို Level တင်ပေးတဲ့ အဓိကရောင်းချမှုတစ်ခုဖြစ်ပြီး သုံးရက်အတွင်းမှာ ဝယ်ယူရတာပါ။ အခုနှစ်မှာ Level Bundle တစ်ခုကို ဒေါ်လာ ၃၀ နှုန်းနဲ့ အကောင့်တစ်ခုကို Bundle နှစ်ခုစီ ရောင်းချပေးခဲ့ပါတယ်။

Ti10 ဆုကြေးငွေဟာ ဇူလိုင် ၂၆ ရက်နေ့မှာတင် ဒေါ်လာသန်း ၂၀ ကျော်ခဲ့ပြီး မနှစ်က Ti9 ရဲ့ စံချိန်ထက် ၁၉ ရက် ပိုစောသလို Ti8 စံချိန်ထက် ရက်သုံးဆယ်တောင် စောပါတယ်။ မနှစ်က အလားတူအချိန်မှာ Ti9 ဟာ ဒေါ်လာ ၁၆.၄ သန်းသာ ရရှိခဲ့တာပါ။

ဒါဟာ အံ့မခန်းစံချိန်တစ်ခုဖြစ်ပေမယ့် ပုံမှန်အားဖြင့် Level Bundle တွေကို ထုတ်ရောင်းချတဲ့အချိန်ထက်လည်း လဝက်လောက် စောနေပါတယ်။ Ti9 တုန်းက Weekend Bundle ကို Battle Pass ထွက်ပြီး ၅၁ ရက်ကြာမှ ရောင်းချခဲ့သလို Ti8 တုန်းက ၄၈ ရက်ကြာခဲ့ပါတယ်။ ဒါပေမယ့် အခု Ti10 မှာတော့ Battle Pass ထွက်ပြီး ရက် ၃၀ အကြာမှာ ထုတ်ရောင်းခဲ့တာပါ။

Ref – AFKGaming