Asian Games 2018 နဲ့ SEA Games 2019 တို့မှာ အားကစားတစ်ခုအဖြစ် အသိအမှတ်ပြုပါဝင်ခဲ့တဲ့ Dota 2 ဂိမ်းဟာ လာမယ့် ၂၀၂၁ ခုနှစ် အာရှ ရုံတွင်းနဲ့ ကိုယ်ခံပညာအားကစားပြိုင်ပွဲမှာလည်း ထပ်ပြီး ဆုတံဆိပ်ချီးမြှင့်မယ့် အားကစားတစ်ခုအဖြစ် ပါဝင်သွားဦးမှာပါ။

Dota 2 အပြင် Arena of Valor, Legends of Runeterra, Tekken 7, Assetto Corsa နဲ့ One Lap E-Cycling တို့ဟာလည်း ဒီပြိုင်ပွဲမှာ ဆုတံဆိပ်ချီးမြှင့်မယ့် အားကစားတွေအဖြစ် ပါဝင်သွားမှာဖြစ်ပါတယ်။ Dota 2 ကလွဲရင် ကျန်တဲ့ ဂိမ်းတွေကတော့ အခုချိန်မှာ လူကြိုက်အများဆုံး ဗီဒီယိုဂိမ်းတွေလို့ ပြောလို့မရသေးပါဘူး။

၂၀၂၁ အာရှ ရုံတွင်းအားကစားပြိုင်ပွဲကို လာမယ့် ၂၀၂၁ ခုနှစ် မေလမှာ ထိုင်းနိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၆၂ နိုင်ငံက ပါဝင်ယှဉ်ပြိုင်ကြမှာပါ။ ဒါပေမယ့် မြန်မာနိုင်ငံက Dota 2 နဲ့ အခြား Esports တွေကို သွားရောက်ယှဉ်ပြိုင်မလား ဆိုတာတော့ အခုချိန်မှာ မသိနိုင်သေးပါဘူး။

အာရှ ရုံတွင်းအားကစားပြိုင်ပွဲမှာ Esports ပါဝင်လာတာ အခု ပထမဆုံးမဟုတ်ပါဘူး။ ၂၀၁၇ ခုနှစ်က အာရှ ရုံတွင်းနဲ့ ကိုယ်ခံပညာ အားကစားပြိုင်ပွဲမှာလည်း Dota 2, Hearthstone, StarCraft II နဲ့ The King of Fighters XIV ဂိမ်းလေးခုကို သရုပ်ပြအားကစားအဖြစ် ဆုတံဆိပ်မပေးသော်လည်း ထည့်သွင်းကစားစေခဲ့ပါတယ်။

၂၀၁၃ အာရှ ရုံတွင်းအားကစားပွဲမှာတော့ FIFA 13, Need for Speed: Shift 2 Unleashed, StarCraft II, Tekken Tag Tournament 2, League of Legends နဲ့ Special Force ဂိမ်းခြောက်မျိုးကို ဆုတံဆိပ်ချီးမြှင့်တဲ့ အားကစားအဖြစ် ထည့်သွင်းယှဉ်ပြိုင်စေခဲ့ဖူးသလို ၂၀၀၇ နဲ့ ၂၀၀၉ တို့မှာလည်း ပါဝင်ခဲ့ဖူးပါတယ်။

ဒါပေမယ့် ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှအားကစားပွဲတော် (SEA Games) ကသာ နိုင်ငံတကာအိုလံပစ်ကောင်စီ အသိအမှတ်ပြုအနေနဲ့ ပထမဆုံး Esports ကို ရွှေတံဆိပ်ဆုချီးမြှင့်ခဲ့တဲ့ အားကစားပွဲတော် ဖြစ်ပါတယ်။

Ref – AFKGaming