OMEGA League Dota 2 ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ 5Men အသင်းကို နှစ်ပွဲပြတ် အနိုင်ရခဲ့ပြီးနောက် Evil Geniuses အသင်းခေါင်းဆောင် “Fly” ဟာ ဒီပွဲမှာ မပါဝင်နိုင်ခဲ့တဲ့ ဖိလစ်ပိုင်ကစားသမား “Abed” နေရာမှာ အစားထိုး ဝင်ဆော့ခဲ့တဲ့ “Gpk” တို့ကို နှိုင်းယှဉ်ပြောကြားခဲ့ပါတယ်။

ကိုဗစ်ကာလမှာ တစ်နေရာနဲ့တစ်နေရာ ခရီးသွားလာရ ခက်ခဲတာကြောင့် နိုင်ငံအသင်းသားတွေနဲ့ တည်ဆောက်ထားတဲ့ အသင်းတွေမှာ ဒီလို ပြဿနာတွေ ကြုံတွေ့ရပြီး လူစာရင်း ပြောင်းလဲမှုတွေလည်း ဖြစ်ပေါ်နေပါတယ်။ Fly ကို “Abed” နဲ့ “Gpk” တို့အား နှိုင်းယှဉ်စေရာမှာတော့ “Gpk ဟာ တကယ် အရည်အချင်းရှိတဲ့ ကစားသမားဖြစ်ပြီး အခု သူ့ကို အရံအနေနဲ့ ခေါ်ကစားနိုင်တာ အရမ်းဝမ်းသာပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်လည်း မွန်းစတားတစ်ကောင်ဖြစ်တဲ့ Abed ရဲ့ နေရာကိုတော့ ထိခိုက်မှာ မဟုတ်ပါဘူး။

သူတို့နှစ်ဦးလုံးဟာ ငယ်ရွယ်ပြီး အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားသလို တိုးတက်အောင် သင်ယူကြိုးစားချင်စိတ် ရှိတာလည်း အတူတူပါပဲ။ ဒါတွေဟာ ကစားသမားတွေအတွက် အရေးပါတဲ့ အချက်တွေဖြစ်ပြီး ဒီနေရာတွေမှာ သူတို့နှစ်ယောက်လုံး တူညီပေမယ့် ကွဲပြားတဲ့ အလေ့အကျင့်လေးတွေတော့ ရှိပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။

လက်ရှိမှာ EG အသင်းရဲ့ Offlane ကစားသမား “Ramzes666” နဲ့ အစားထိုး ကစားသမား “Gpk” တို့နှစ်ဦးလုံးဟာ CIS ဒေသ အခြေစိုက်ကစားသမားတွေ ဖြစ်တာကြောင့် Fly ကို ဒီအခြေအနေအပေါ် မေးမြန်းခဲ့ရာမှာ သူက “ရုတ်တရက် ရုရှလို ထပြောတာတွေတော့ ရှိတာ အမှန်ပါပဲ။ တစ်ခါတလေ Ramzes က Gpk ကို တစ်ခုခု ထပြောလိုက်ရင် ကျွန်တော်က အေးပေါ့ကွာ လို့ပဲ တွေးနိုင်ပါတယ်။ Arteezy ကလည်း ရုရှ စကား အနည်းငယ် တတ်ကျွမ်းတော့ အခုချိန်မှာ ကျွန်တော်တို့ဟာ CIS အသင်း တစ်ခုလိုပါပဲ” လို့ ဖြေဆိုခဲ့ပါတယ်။

အစ္စရေးလူမျိုး တစ်ဦးဖြစ်သူ Fly ဟာ ကိုဗစ်ရောဂါကြောင့် ပိတ်မိနေသူတွေထဲက တစ်ဦးဖြစ်ပြီး အိမ်ကို မပြန်ရတာ လေးလလောက်ရှိနေတာကြောင့် ဒီအခြေအနေဟာ ထူးဆန်းပြီး အိမ်ကို ဒီလောက် အကြာကြီး မပြန်ဘဲ နေရတာ နှစ်တော်တော်ကြာပြီလို့ ရင်ဖွင့်သွားပါတယ်။

လက်ရှိ OMEGA League မှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ EG ဟာ ဩဂုတ် ၂၀ ရက်နေ့မှာ Nigma နဲ့ ထပ်မံ ရင်ဆိုင်ရဦးမှာပါ။

Ref – AFKGaming