Elon Musk ဟာ Twitter ကိုဝယ်ယူအပြီးမှာ အသုံးပြုမှုပိုင်းမှာ Feature ပိုင်းတွေ ဆက်တိုက်ကို ပြောင်းလဲမှုတွေ ပြုလုပ်နေသလို ဝန်ထမ်းပိုင်းကိုလည်း ပြောင်းလဲမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း ဝန်ထမ်းထက်ဝက်ကျော်ကို အလုပ်ကနေ ထုတ်ပယ်ခဲ့သလို လုပ်ငန်းလိုအပ်ချက်တွေကြောင့် ထုတ်ပယ်ခဲ့တဲ့ ဝန်ထမ်းတွေကိုလည်း ပြန်လည်ခေါ်ယူမှုတွေ ပြုလုပ်ခဲ့ရပါတယ်။

အခုလည်း Elon Musk ကနေ လက်ရှိ Twitter မှာ အလုပ်လုပ်ကိုင်နေတဲ့ဝန်ထမ်းတွေကို အကြောင်းကြားစာထပ်မံပို့ခဲ့ပြီး အလုပ်ခွင်စည်းမျဥ်းတွေကို ထပ်မံပြင်ဆင်ခဲ့ပါတယ်။ အခုအကြောင်းကြားစာမှာဆိုရင် အလုပ်ခွင်ကလွဲပြီး အိမ် သို့မဟုတ် ပြင်ပကနေ Remote Working ပြုလုပ်မှုကို လုံးဝပိတ်ပင်လိုက်ပြီဖြစ်ပါတယ်။​​ ဒါတင်မဟုတ်သေးဘဲ ဝန်ထမ်းတွေအနေနဲ့ အလုပ်ခွင်မှာ တစ်ပါတ်ကို နာရီ ၄၀ အနည်းဆုံးအလုပ်ဆင်းရမယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။

Elon Musk ရဲ့ အခုလိုမျိုး ကုမ္ပဏီတွင်းပြောင်းလဲမှုတွေဟာ ကြော်ငြာလုပ်ငန်းရှင်တွေကိုပါ Twitter မှာ ရင်းနှိးမြုပ်နှံမှုကို ရပ်တန့်သွားစေသလို Elon Musk ကိုယ်တိုင်ကလည်း ကြော်ငြာတွေကနေ ဝင်ငွေရှာဖွေမယ့်အစား Twitter Blue လိုမျိုး Subscription ကနေ ဝင်ငွေရရှိအောင် ဆောင်ရွက်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေကို ပေးပို့တဲ့ အကြောင်းကြားစာမှာလည်း လာမယ့်အချိန်တွေဟာ ခက်ခဲကြမ်းတမ်းမှုတွေကို ကြုံတွေ့ရနိုင်တယ်ဆိုပြီး ပါဝင်ခဲ့ပါတယ်။

အခုလိုမျိုး လုပ်ငန်းခွင်ပြောင်းလဲမှုတွေဟာ Elon Musk ဦးဆောင်တဲ့ တခြားသောကုမ္ပဏီတွေဖြစ်တဲ့ Tesla နဲ့ SpaceX မှာ လက်ရှိကျင့်သုံးနေတဲ့ စည်းမျဥ်းတွေလည်းဖြစ်ပါတယ်။​ ဒါကြောင့် နောက်ပိုင်းမှာ Twitter ဟာ ဘယ်လိုမျိုး ပြောင်းလဲသွားဦးမလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – Engadget