Elon Musk က သူဟာ Twitter ကို ဝယ်ယူနေပြီလို့ ကြေညာခဲ့တုန်းက အဲဒီသတင်းဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ နေ့စဉ်မပြတ် ပေါက်ကွဲနေတဲ့ဗုံးတွေလို ဖြစ်ခဲ့ရပါတယ်။ ရက်အတော်ကြာပြီးတဲ့နောက်မှာတော့ Elon Musk နဲ့ Twitter သတင်းတွေဟာ သာမန်လောက်ပဲ ဖြစ်သွားကြပါတယ်။

 

အခု ထွက်ပေါ်လာတဲ့သတင်းကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ Musk က Twitter ကို ဝယ်ယူဖို့လုပ်နေပေမဲ့ သဘောတူညီမှုအတွက် “ယာယီအားဖြင့်ဆိုင်းထားတယ်” လို့ ဆိုလိုက်တာပါ။ အသေးစိတ်တွက်ချက်မှုတွေအရ Spam နဲ့ Fake account တွေဟာ အမှန်တကယ်အသုံးပြုသူဦးရေရဲ့ ၅% အောက်ကို ကိုယ်စားပြုနေတယ်လို့ Musk က Twitter ကတစ်ဆင့် ပြောပါတယ်။

Musk ပြောတာနဲ့ပတ်သက်ပြီး ရှုပ်ထွေးနေတယ်ဆိုရင် ဒီလအစောပိုင်းက ဖော်ပြခဲ့တဲ့ Reuters ရဲ့ သတင်းတစ်ပုဒ်အကြောင်း ပြန်ပြောရမယ် ထင်ပါတယ်။ Twitter ကိုယ်တိုင်က သုံးစွဲသူတွေရဲ့ ၅% အောက်မှာ Spam နဲ့ Fake account တွေရှိနေနိုင်ကြောင်း ခန့်မှန်းထားတယ်လို့ ဖော်ပြခဲ့တာပါ။ ဒါပေမဲ့ Musk ကတော့ ၅% ပဲ ဆိုတာကို မယုံကြည်နိုင်ဖြစ်နေပုံပါပဲ။

အကယ်၍ Twitter အသုံးပြုသူတွေရဲ့ ရာခိုင်နှုန်းများစွာဟာ Spambots တွေနဲ့ Fake account တွေဖြစ်မယ်ဆိုရင် ဝယ်ယူသူအနေနဲ့ သူ့လက်ထဲမှာ ကုမ္ပဏီရဲ့တန်ဖိုး ကျဆင်းသွားမှာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာတော့ Musk အနေနဲ့ သူပေးချေမယ်လို့ သဘောတူထားတဲ့ $44 ဘီလီယံထက် ပိုနည်းတဲ့ ကမ်းလှမ်းမှုကိုပဲ ပြုလုပ်လာလိမ့်မယ်လို့ ယူဆရပါတယ်။

ဘာတွေဘယ်လိုဖြစ်နေလဲဆိုတာကို အတိအကျမသိရသေးပေမဲ့ ဒီသတင်းကြောင့် Twitter ရဲ့ ရှယ်ယာဈေးနှုန်းတွေ သိသိသာသာကျဆင်းသွားတာတော့ အမှန်ပါပဲ။ Musk ကတော့ ဝယ်မယ်ဆိုတဲ့သဘောတူညီချက်ကို ပယ်ဖျက်မဲ့ပုံမပေါ်ပါဘူး။ ဒါဟာ နောက်ဆုံးအဆင့် သဘောတူညီမှုအတွက် ဈေးနှုန်းညှိနှိုင်းရေးမဟာဗျူဟာတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

Ref: GSM Arena