တရုတ်လျှပ်စစ်ကားကုမ္ပဏီကြီး BYD ဟာ စက်ရုံတွေနဲ့ ကားအရောင်းပြခန်းတွေမှာ အသုံးပြုဖို့အတွက် လူတူစက်ရုပ်ဒီဇိုင်းအသစ်ကို ပြသခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ အမျိုးညာဏပစ္စည်းမူပိုင်ခွင့်စီမံခန့်ခွဲရေးအဖွဲ့က အဲဒီစက်ရုပ်ရဲ့ မူပိုင်ခွင့်ဒီဇိုင်းကို အောက်တိုဘာ ၉ ရက်နေ့မှာ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီဒီဇိုင်းမှာဆိုရင် လက်နှစ်ဖက်၊ ခြေနှစ်ဖက်၊ လှုပ်ရှားလို့ရတဲ့ လက်ချောင်းတွေနဲ့ လုံးဝိုင်းတဲ့ခေါင်းပါရှိတဲ့ ခေတ်မီလူတူစက်ရုပ်ပုံစံကို တွေ့မြင်ရပါတယ်။

 

အဲဒီလူတူစက်ရုပ်ဟာ BYD ရဲ့ ဉာဏ်ရည်တုနဲ့ စက်ရုပ်နည်းပညာဆိုင်ရာ တိုးတက်မှုတွေထဲက အဓိကခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ အကြီးတန်းအရာရှိ Stella Li က လာမယ့်တစ်နှစ်နဲ့ နှစ်နှစ်အတွင်းမှာ စက်ရုပ်အရောင်းအကြံပေးတွေကို အရောင်းပြခန်းတွေမှာ လက်တွေ့အသုံးပြုနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဇွန်လအတွင်းမှာ ပြောကြားခဲ့ဖူးပါတယ်။ အဲဒီလူတူစက်ရုပ်တွေဟာ ဖောက်သည်တွေကို ရင်းရင်းနှီးနှီး နှုတ်ဆက်တာ၊ ကားရဲ့ အချက်အလက်တွေကို ရှင်းပြတာနဲ့ ကားတွေကို သရုပ်ပြသတာတွေကို လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

 

ဒါပေမဲ့ အဲဒီလူတူစက်ရုပ်တွေကို စီးပွားဖြစ်ထုတ်လုပ်မယ့်ရက်၊ တန်ဖိုးနဲ့ အရောင်းပြခန်းတွေမှာ တကယ်တမ်း ဖြန့်ချိမယ့်အချိန်တွေကိုတော့ အဲဒီကုမ္ပဏီက တရားဝင် အတည်ပြုထုတ်ပြန်သေးပါဘူး။ အဲဒီမူပိုင်ခွင့်ဟာ စက်ရုပ်ရဲ့ဒီဇိုင်းပိုင်းကိုသာ ဖော်ပြနေတာဖြစ်ပြီး လက်ရှိမှာ လုပ်ငန်းသုံးအနေနဲ့ အပြည့်အဝ အသုံးပြုဖို့ အသင့်ဖြစ်နေပြီဆိုတာကိုတော့ မပြသနိုင်သေးပါဘူး။

Ref : Technology Innnovation