တက်စလာ (Tesla) ကုမ္ပဏီရဲ့ အကြီးအကဲဖြစ်သူ အီလွန်မတ်စ်က နောက်ထပ် နှစ်အနည်းငယ်အတွင်းမှာပဲ ခွေးတွေ အပါအဝင် အိမ်မွေးတိရစ္ဆာန်တွေဟာ လူတွေနဲ့ အပြန်အလှန် စကားပြောဆိုလာနိုင်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ သူ့ရဲ့ ဦးနှောက်နဲ့ ကွန်ပျူတာ ချိတ်ဆက်ပေးတဲ့ Neuralink နည်းပညာကို အသုံးပြုပြီး လူနဲ့ တိရစ္ဆာန်တွေကြား ဆက်သွယ်နိုင်အောင် လုပ်ဆောင်သွားနိုင်မယ်လို့ ဆိုပါတယ်။ အဲဒီလို ဆက်သွယ်နိုင်မယ့် အချိန်ကာလကိုတော့ ခန့်မှန်းခြေအားဖြင့် ၂၀၂၈ ခုနှစ်လောက်မှာ ဖြစ်လာနိုင်တယ်လို့ အီလွန်မတ်စ်က ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ အဲဒီနည်းပညာကို ဘယ်လိုမျိုး အကောင်အထည်ဖော်မလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို တရားဝင် ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။ ဒါ့အပြင် အီလွန်မတ်စ်ရဲ့ ပရောဂျက်တွေဟာ သတ်မှတ်ထားတဲ့ အချိန်ဇယားတွေထက် နောက်ကျလေ့ရှိတဲ့ အတွက် ၂၀၂၈ ခုနှစ်ဆိုတဲ့ ခန့်မှန်းချက်ကို အပြည့်အဝ ယုံကြည်ဖို့တော့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ နည်းပညာပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေ အများကြီး ရှိနေသေးတဲ့အတွက် ဒီကိစ္စကို အချိန်ယူ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ကိုယ့်ရဲ့ အိမ်မွေးကြောင်လေးတွေက ကိုယ့်အပေါ် ဘယ်လို သဘောထားလဲဆိုတာကို တကယ်တမ်း သိခွင့်ရလာမယ့် အကြံဉာဏ်ကတော့ စိတ်လှုပ်ရှားစရာ ကောင်းသလို တစ်ဖက်မှာလည်း ကြောက်စရာကောင်းနေပါတယ်။ သာမန်အားဖြင့်တော့ အိမ်မွေးတိရစ္ဆာန် အများစုက သူတို့ရဲ့ ညစာ ဘယ်မှာလဲဆိုတာလောက်ကိုပဲ အဓိကထား မေးမြန်းကြဖို့ များပါတယ်လို့ GameByte က အရွှန်းဖောက် ရေးသားထားပါတယ်။
Ref : GameByte





