အနာဂတ်မှာ ကမ္ဘာပေါ်က တခြားအရာတွေ အားလုံးပေါင်းသုံးတဲ့ ပမာဏထက် စက်ရုပ်တွေက RAM ပိုပြီး လိုအပ်လာလိမ့်မယ်လို့ နည်းပညာခေါင်းဆောင် Elon Musk က အံ့အားသင့်ဖွယ် ခန့်မှန်းလိုက်ပါတယ်။ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့က X ပလက်ဖောင်းမှာ လူတူစက်ရုပ်တွေရဲ့ memory လိုအပ်ချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးရာမှာ သူက အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

AI နည်းပညာသုံး စက်ရုပ်တွေအနေနဲ့ လက်တွေ့ကမ္ဘာကြီးနဲ့ ဆက်သွယ်ဖို့နဲ့ ပစ္စည်းတွေကို တိတိကျကျ ကိုင်တွယ်လှုပ်ရှားနိုင်ဖို့အတွက် အလွန်ကြီးမားတဲ့ တွက်ချက်မှုစွမ်းအားတွေ လိုအပ်တယ်လို့ Elon Musk က ထောက်ပြခဲ့ပါတယ်။ ပိုပြီး စိတ်ဝင်စားစရာကောင်းတာက အနာဂတ်မှာ superintelligence အတွက် လိုအပ်မယ့် အဆင့်မြင့် တွက်ချက်မှု လုပ်ငန်းစဉ်အားလုံးနီးပါးကို ကမ္ဘာမြေပေါ်မှာ မဟုတ်ဘဲ အာကာသထဲမှာပဲ ပြုလုပ်သွားလိမ့်မယ်လို့ သူက ဆိုပါတယ်။

ဒီလိုပြောဆိုမှုဟာ Counterpoint Research ရဲ့ ခန့်မှန်းချက်တွေနဲ့လည်း ကိုက်ညီနေပါတယ်။ သူတို့ရဲ့ လေ့လာမှုတွေအရ လူတူစက်ရုပ်တွေရဲ့ memory လိုအပ်ချက်ဟာ ၂၀၂၆ ခုနှစ်မှာ ၈,၃၀၀ terabits သာရှိရာကနေ ၂၀၃၀ ခုနှစ်အရောက်မှာ ၁၇၂,၀၀၀ terabits အထိ အဆ ၂၀ ကျော်လောက် ကြီးမားတဲ့ ခုန်ပျံကျော်လွှားမှုမျိုး ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စက်ရုပ်တစ်ရုပ်ရဲ့ ပျမ်းမျှ DRAM ပမာဏဟာလည်း ၁၉ GB ကနေ ၃၉ GB အထိ နှစ်ဆနီးပါး မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
Ref : Technology Innovation





