မြောက်အိုင်ယာလန်နိုင်ငံက Belfast Boys' Model School ဟာ ကျောင်းသားတွေ စာမေးပွဲပျက်ပြီး Grand Theft Auto VI (GTA 6) ဂိမ်း မဆော့ကြစေဖို့အတွက် ဂိမ်းလက်ဆောင်ကတ်တွေ မဲဖောက်ပေးမယ့် အစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဂိမ်းထွက်ရှိတဲ့ ကြာသပတေးနေ့ဟာ Year 11 နဲ့ Year 12 ကျောင်းသားတွေရဲ့ GCSE သင်္ချာစာမေးပွဲနေ့နဲ့ တိုက်ဆိုင်နေတာကြောင့် အဲဒီနေ့မှာ ကျောင်းလာတက်တဲ့ ကျောင်းသားတွေကို ဒေါ်လာ ၉၁ ဒသမ ၇၆ (ဘတ် ၃,၀၀၀ ခန့်) တန်ဖိုးရှိတဲ့ Xbox ဒါမှမဟုတ် PlayStation လက်ဆောင်ကတ် နှစ်ကတ် မဲဖောက်ပေးသွားမှာ ဖြစ်ပါတယ်။

 

ကျောင်းဘက်ကနေ မိဘတွေဆီကို စာမေးပွဲရဲ့ အရေးကြီးပုံကို သတိပေးစာ ပေးပို့ခဲ့သလို ကျောင်းသားတွေကိုလည်း GTA ဂိမ်းဆော့တာမျိုးကို စနေ၊ တနင်္ဂနွေ ပိတ်ရက်အထိ စောင့်လို့ရကြောင်း အသိပေးခဲ့ပါတယ်။ ကျောင်းအုပ်ဆရာမကြီး မေရီ မွန်ဂိုမာရီကတော့ ကျောင်းရဲ့ ကောင်းမွန်တဲ့ GCSE စာမေးပွဲရလဒ်တွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့နဲ့ ကျောင်းသားတွေကို စိတ်အားထက်သန်စေဖို့ ရည်ရွယ်တာဖြစ်ပြီး အဲဒီလက်ဆောင်ကတ်ပေးမယ့် အကြံဉာဏ်ဟာ ကျောင်းသားတွေကိုယ်တိုင်ဆီက ထွက်ပေါ်လာတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

 

အရင် ၂၀၁၃ ခုနှစ်တုန်းက GTA ဂိမ်းအဟောင်း ထွက်ရှိခဲ့ချိန်မှာ ဝန်ထမ်းတွေနဲ့ ကျောင်းသားတွေကြား နေမကောင်းခွင့်ယူမှုတွေ မြင့်တက်ခဲ့ပြီး "GTA Flu" လို့တောင် နာမည်တွင်ခဲ့တာကြောင့် ကျောင်းဘက်က အခုလို ကြိုတင်စိုးရိမ်နေရတာ ဖြစ်ပါတယ်။ ဂိမ်းဝါသနာရှင် ကျောင်းသားတွေ ကျောင်းမပျက်အောင် ဂိမ်းလက်ဆောင်ကတ်နဲ့ ပြန်လည်ဆွဲဆောင်တဲ့ အဲဒီနည်းလမ်းဟာ ဘယ်လောက်အထိ ထိရောက်မှုရှိမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

 

Ref : Khaosod