Amazon ဥက္ကဋ္ဌ ဂျက်ဖ်ဘီဇို့စ်က ဂျိမ်းစ်ဘွန်း (007) ဇာတ်ကောင်အသစ်အဖြစ် မင်းသား ရောဘတ်ပတ်တင်ဆန်ကို ရွေးချယ်ရာမှာ သူကိုယ်တိုင် အဓိကပါဝင်ခဲ့တယ်လို့ ကယ်လီဖိုးနီးယားပြည်နယ်မှာ ကျင်းပတဲ့ အခမ်းအနားတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ အစပိုင်းမှာ Batman နဲ့ Twilight ဇာတ်ကားတွေနဲ့ နာမည်ကျော်ပြီးသားဖြစ်တဲ့ ပတ်တင်ဆန်ကို ရွေးချယ်ဖို့ တွန့်ဆုတ်ခဲ့ပေမယ့် လူရွေးပွဲစမ်းသပ်ချက် (screen tests) တွေ ပြုလုပ်ချိန်မှာတော့ သူဟာ ဂျိမ်းစ်ဘွန်းဇာတ်ကောင်နဲ့ အံဝင်ခွင်ကျဖြစ်နေတာ သိသာထင်ရှားခဲ့တယ်လို့ ဘီဇို့စ်က ဆိုပါတယ်။
ပတ်တင်ဆန်ကို မင်းသား ဒန်နီရယ်ခရိတ်ဂ်ရဲ့ နေရာမှာ အစားထိုးမယ့် ခုနစ်ယောက်မြောက် ဂျိမ်းစ်ဘွန်းအဖြစ် တနင်္လာနေ့က တရားဝင် ကြေညာခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးဆန်ခါတင် ငါးယောက်ကို ဝတ်စုံအပြည့်အစုံ၊ တကယ့်ရိုက်ကွင်းတွေနဲ့ သရုပ်ဆောင်စမ်းသပ်ခဲ့ရာမှာ ဒါရိုက်တာ ဒန်းနစ်ဗီလနျူး အပါအဝင် အားလုံးက ပတ်တင်ဆန်ရဲ့ သရုပ်ဆောင်မှုကို အငြင်းပွားဖွယ်မရှိဘဲ တညီတညွတ်တည်း ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၂၈ ခုနှစ်မှာ ရုံတင်ပြသမယ့် ၂၆ ကားမြောက် ဂျိမ်းစ်ဘွန်းဇာတ်ကားဟာ ၁၉၆၂ ခုနှစ်ကတည်းက ဦးစီးခဲ့တဲ့ ဘရိုကိုလီမိသားစုရဲ့ ဖန်တီးမှုထိန်းချုပ်မှုအောက်မှာ မဟုတ်ဘဲ Amazon MGM က ပထမဆုံး ရိုက်ကူးမယ့် ဇာတ်ကား ဖြစ်ပါတယ်။ ဟောလိဝုဒ်ရုပ်ရှင်လောကမှာ ပရိသတ်တွေ ရုပ်ရှင်ရုံကို လာရောက်ကြည့်ရှုအောင် ဆွဲဆောင်ဖို့ ရုန်းကန်နေရချိန်မှာ မျက်နှာသစ်မင်းသားတစ်ယောက်နဲ့ စွန့်စားမယ့်အစား နာမည်ကြီးမင်းသား ပတ်တင်ဆန်ကို ရွေးချယ်လိုက်တာဟာ စိတ်ချရတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်လို့ ဟောလိဝုဒ်အသိုင်းအဝိုင်းက သုံးသပ်နေကြပါတယ်။
Ref : bbc





