ESL One Birmingham 2020 အွန်လိုင်းပြိုင်ပွဲပြီးသွားတာ ရက်သတ္တပတ်အနည်းငယ်သာရှိသေးပေမယ့် နောက်ထပ် ESL One ပြိုင်ပွဲတစ်ခုကို မကြာခင်ကျင်းပဖို့ ထပ်ကြေညာလိုက်ပါတယ်။

ဒီတစ်ခါအလှည့်ကျတာက အာရှနဲ့ အမေရိကတိုက်ဖြစ်ပြီး ESL One Thailand 2020 Dota 2 ပြိုင်ပွဲကို ဆုကြေးငွေ စုစုပေါင်း ဒေါ်လာနှစ်သိန်းနဲ့ ကျင်းပမှာဖြစ်ပါတယ်။ ESL One ဟာ အာရှသာမက အမေရိကန် Region အတွက်လည်း တစ်ပွဲလုပ်ပေးမှာ ဖြစ်ပါတယ်။

ESL One Thailand 2020 ပွဲကို ထိုင်းနိုင်ငံရဲ့ ခရီးသွားလာရေးနဲ့ အားကစားဝန်ကြီးဌာနက ESL အဖွဲ့အစည်းနဲ့ ပူးပေါင်းကျင်းပပေးသွားမယ်လို့လည်း ကြေညာလာပါတယ်။ အာရှပြိုင်ပွဲအတွက် အရှေ့တောင်အာရှနဲ့ တရုတ်အခြေစိုက် အသင်းတွေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အမေရိကန်ပြိုင်ပွဲကို တောင်၊ မြောက်အမေရိကတိုက် အခြေစိုက်အသင်းတွေ ပါဝင်ယှဉ်ပြိုင်နိုင်မှာပါ။

ဆုကြေးငွေကတော့ အာရှပြိုင်ပွဲကို ပိုအသားပေးထားပြီး အမေရိကန်ဒေါ်လာ ၁၃၅,၀၀၀ ချီးမြှင့်ဖို့ စီစဉ်ထားကာ ပထမဆု ဒေါ်လာငါးသောင်း၊ ဒုတိယ ၂ သောင်းခွဲနဲ့ တတိယ ၁၅,၀၀၀ ဒေါ်လာတို့ ချီးမြှင့်မှာပါ။ အမေရိကန်တိုက်နှစ်ခုပေါင်း ကျင်းပမယ့် ပွဲကတော့ စုစုပေါင်း ဒေါ်လာ ၆၅,၀၀၀ သာဖြစ်ပြီး ပထမဆုဒေါ်လာ ၂၈,၀၀၀ ရရှိမှာဖြစ်ပါတယ်။ Dota 2 မှာ ဒေသအလိုက် ယှဉ်ပြိုင်မှုနဲ့ အသင်းအရေအတွက်ကို ကြည့်ရင်တော့ ဒီလိုခွဲခြားထားတာ လွန်တယ်လို့ မဆိုနိုင်ပါဘူး။

ဒီပြိုင်ပွဲမှာ အဆင့်သုံးဆင့်ပါဝင်ပြီး အားလုံးကို အွန်လိုင်းကပဲ ဆော့ကစားရမှာပါ။ အရင်ဆုံး ဒေသအလိုက် လက်ရည်စစ်ပွဲတွေ၊ အုပ်စုအဆင့်နဲ့ ရှုံးထွက်တို့ဖြစ်ပြီး ESL One Thailand 2020 မှာ ပါဝင်ဖို့ အာရှလက်ရည်စစ်ပွဲတွေကို ဩဂုတ် ၁၇ ရက်ကနေ စတင်ကျင်းပစေမှာပါ။ ကိုဗစ်ကပ်ဘေးကြောင့် နည်းပညာပွဲတော်တွေ ရွှေ့ဆိုင်းပယ်ဖျက်ခဲ့ရာမှာ Esports ပွဲတွေလည်း ပါဝင်ခဲ့ပေမယ့် အခုလို အွန်လိုင်းပြိုင်ပွဲတွေနဲ့ ပြန်လည်စတင်လာနိုင်တာ Esports ပရိသတ်တွေအတွက် စိတ်ကျေနပ်စရာဖြစ်သလို ဒေသတွင်းနိုင်ငံတစ်ခုအနေနဲ့ Esports ပြိုင်ပွဲကြီးတစ်ခု ကျင်းပနိုင်ဖို့ လိုလိုလားလားပါဝင်လာတာဟာ အားရှိစရာပါပဲ။

Ref – AFKGaming