ဥရောပသမဂ္ဂဟာ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတွေကိုတားမြစ်ဖို့ အလေးအနက်ထားပြီး စဉ်းစားနေတယ်လို့ သိရပါတယ်။ ဒါကြောင့် Cryptocurrency အနေနဲ့ ထိုးနှက်တိုက်ခိုက်မှုအသစ်နဲ့ကြုံတွေ့ရဖွယ်ရှိပြီး ဒီအပြောင်းအလဲကို ခံနိုင်ရည်ရှိဖို့ လိုအပ်နေပါတယ်။

Blockchain ရင်းနှီးမြှုပ်နှံသူတွေဟာ EU ပါလီမန်က ထွက်ပေါ်လာမဲ့ Cryptocurrency ရဲ့ အနာဂတ်အတွက်အဆုံးအဖြတ်ကို အသက်တောင်ရဲရဲမရှူရဲဘဲ စောင့်ဆိုင်းနေကြရတဲ့ အခြေအနေလို့ ဆိုရပါမယ်။ ဒီသတင်းကို ရေးနေချိန်မှာ EU ပါလီမန်က မဲခွဲမှုကိုပြုလုပ်နေပြီး ရလဒ်ကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။

EU ရဲ့ စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာကော်မတီကအဖွဲ့ဝင်တွေဟာ Crypto-Assets (MiCA) framework အတွက်အဆိုပြုထားတဲ့ Markets in Proposed Markets မူကြမ်းကို မဲပေးဖို့ စီစဉ်ထားပါတယ်။ အကယ်၍ အဆိုပြုလွှာကို ရှေ့ဆက်ဖို့ဆုံးဖြတ်ခဲ့ရင်တော့ ဒါဟာ Cryptocurrency ရင်းနှီးမြှုပ်နှံသူတွေအတွက် သတင်းဆိုးတစ်ခု ဖြစ်လာနိုင်ပါတယ်။

Framework မှာ ထပ်တိုးလာတဲ့အချက်တစ်ခုက ဥရောပနိုင်ငံတွေမှာ ရောင်းဝယ်ဖောက်ကားနေပြီဖြစ်တဲ့ Bitcoin နဲ့ Ethereum တို့လို ကနဦးရှိပြီးသားတိုကင်တွေအပါအဝင် Cryptocurrency သုံးစွဲမှုအပေါ် ကန့်သတ်ချက်တစ်ခုပြုလုပ်ဖို့ တောင်းဆိုနေတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ CoinDesk ကတော့ ရလဒ်ထွက်လုနီးပါးဖြစ်ပေမဲ့ ကျဉ်းမြောင်းလွန်းတဲ့မဲအရေအတွက်နဲ့ ရှုံးနိမ့်သွားဖွယ်ရှိတယ်လို့ အတွင်းသတင်းရင်းမြစ်ကိုကိုးကားပြီး ဖော်ပြထားပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်နောက်ပိုင်း စီးပွားရေးပိတ်ဆို့မှုကိုကျော်ဖြတ်ဖို့ Crypto ကို အသုံးပြုနိုင်တဲ့အပေါ် စိုးရိမ်မှုတွေလည်း မြင့်တက်နေချိန်မှာ ယူကရိန်းရဲ့ ဒုတိယဝန်ကြီးချုပ် Mykhailo Fedorov အပါအဝင် အချို့က ရုရှားရဲ့ငွေကြေးလွှဲပြောင်းမှုဖြစ်လာနိုင်တဲ့ Cryptocurrency လဲလှယ်မှုတွေအားလုံးကိုလည်း ပိတ်ပင်ဖို့ တောင်းဆိုနေပါတယ်။

ဒါပေမဲ့ EU ကတော့ Environmental concerns ကိုသာ အဓိက အလေးထားနေပါတယ်။ အနီးစပ်ဆုံးဥပမာအဖြစ် Bitcoin ရဲ့ Carbon footprint ဟာ Finland လို နိုင်ငံငယ်လေးတစ်ခုရဲ့ တစ်နှစ်စာလျှပ်စစ်စွမ်းအားထက် ပိုပြီးတော့ သုံးစွဲတာကြောင့် ဖြစ်ပါတယ်။ ဒါဟာ EU ရဲ့ သဘာဝပတ်ဝန်းကျင်စံနှုန်းတွေနဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ကျော်လွန်လာနိုင်တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကုန်တုန်းကလည်း တရုတ်ဟာ ကြီးမားတဲ့နည်းပညာဖြိုခွင်းမှုတစ်ခုကို ပြုလုပ်ခဲ့ပြီး Crypto အားလုံးကို ပိတ်ပင်ခဲ့ပါတယ်။ အလားတူပဲ အီဂျစ်၊ အီရတ်၊ ကာတာ၊ အိုမန်၊ မော်ရိုကို၊ အယ်လ်ဂျီးရီးယား၊ တူနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာလည်း Cryptocurrency ကို ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ နိုဝင်ဘာလတုန်းကလည်း အင်ဒိုနီးရှားက Cryptocurrency ကို ဘာသာယဉ်ကျေးမှုထုံးတမ်းနဲ့ဆက်နွယ်ပြီး ပိတ်ပင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်ကတော့ အမေရိကန်သမ္မတ Joe Biden ဟာ Cryptocurrency ဆိုင်ရာ သမိုင်းဝင် Executive order ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီအမိန့်ကို ကြေညာပြီးချိန်မှာတော့ အပြောင်းအလဲတွေဟာ အပြုသဘောဆောင်တဲ့ ယေဘုယျသဘောထားတွေရှိတာကြောင့် Bitcoin ဈေးနှုန်းဟာ ၁၀% အထိ ခုန်တက်သွားပါတယ်။

Ref: news