လက်ရှိ Facebook ၊ Messenger ၊ Instagram နဲ့ WhatsApp Social Media တွေကို ပိုင်ဆိုင်တဲ့ Meta ကုမ္ပဏီဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက NFT တွေနဲ့ ပတ်သက်ပြီး အရေးပါတဲ့ ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါကတော့ Facebook နဲ့ Instagram မှာ ကိုယ်ပိုင် Digital Collectibles သို့မဟုတ် NFT တွေကို မျှဝေနိုင်ပြီဆိုပြီး ကြေညာခဲ့တာဖြစ်ပါတယ်။

US နိုင်ငံတွင်းမှာပဲ Facebook Account ကနေ NFT တွေကို မျှဝေနိုင်တာဖြစ်ပေမယ့် တစ်ဖက်မှာတော့ Instagram အနေနဲ့ လက်ရှိအချိန်မှာ နိုင်ငံပေါင်း ၁၀၀ ကျော်အထိ ကိုယ်ပိုင် NFT တွေကို Feed မှာ ဖော်ပြနိုင်နေပြီလို့ သိရပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာလည်း Facebook ဟာ အခုလိုမျိုး NFT တွေကို ကိုယ့် Profile နဲ့ Feed မှာ မျှဝေဖို့အတွက် နောက်ထပ်နိုင်ငံအများအပြားကို ထောက်ပံ့ပေးသွားဖွယ်ရှိနေပါတယ်။

Facebook ဟာ အစောပိုင်းလတွေတုန်းက Social Media Service တွေမှာ NFT တွေ ဖော်ပြမျှဝေနိုင်မှုကို လူအရေအတွက် ကန့်သတ်ပြီး စမ်းသပ်နေခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ လူတိုင်းကို အသုံးပြုခွင့်ပေးလိုက်တာဖြစ်ပါတယ်။

ဒီလိုမျိုး NFT တွေကို Facebook နဲ့ Instagram မှာ မျှဝေနိုင်ဖို့အတွက် အရင်ဆုံး Meta ကနေ ထောက်ပံ့ပေးထားတဲ့ Crypto Wallet တစ်ခုရှိဖို့လိုအပ်မှာဖြစ်ပြီး ကိုယ့် Profile နဲ့ ချိတ်ဆက်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ လောလောဆယ်မှာ Coinbase Wallet ၊ MetaMask ၊ Dapper အပါအဝင် Crypto Wallet ၅ ခုကို ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

Ref – The Verge