Samsung ကနေ ထုတ်လုပ်နေတဲ့ကိုယ်ပိုင် Exynos Chipset တွေဟာ လက်ရှိအချိန်မှာ Qualcomm လိုမျိုး Chipset တွေနဲ့ယှဥ်ရင် သိသိသာသာကို ပိုပြီး နှေးကွေးနေတယ်ဆိုပြီး ဝေဖန်ခံနေရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာမိတ်ဆက်လာမယ့် Samsung Exynos Chipset တွေက Snapdragon Chipset တွေထက် ၃ ဆလောက်ပိုပြီး မြန်ဆန်လာတော့မှာပါ။

ဘာကြောင့်လဲဆိုရင် Samsung ကနေ GPU ပိုင်းအတွက် လက်ရှိအသုံးပြုနေတဲ့ Mali GPU တွေအစား AMD နဲ့ ပူးပေါင်းပြီးတော့ RDNA GPU နည်းပညာပါဝင်တဲ့ GPU အသစ်တွေကို အသုံးပြုလာတော့မှာကြောင့် ဖြစ်ပါတယ်။ အဆိုပါ AMD RNDA နည်းပညာပါဝင်တဲ့ GPU ကို လာမယ့် Exynos 1000 Chipset မှာ အသုံးပြုလာမှာဖြစ်ပြီး အခုလည်း Benchmark တွေပေါက်ကြားလာခဲ့ပါတယ်။

အဆိုပါ Benchmark တွေဟာ Manhattan 3.1 ၊ Aztech Normal နဲ့ Aztech High တို့ဖြစ်ပြီးတော့ Snapdragon 865 Chipset မှာပါဝင်တဲ့ Adreno 650 GPU နဲ့ နှိုင်းယှဥ်ထားတာဖြစ်ပါတယ်။ Manhattan 3.1 မှာတော့ AMD GPU ပါဝင်တဲ့ Exynos 1000 Chipset က Snapdragon 865 ထက် ၅၀ ရာခိုင်နှုန်းပိုမိုမြန်ဆန်သလို Aztech High မှာဆိုရင်လည်း Snapdragon 865 ထက်တောင် ၃ ဆလောက်ပိုပြီး မြန်ဆန်နေတာကို တွေ့ရှိရပါတယ်။

ဒီ Samsung Exynos 1000 Chipset ဟာ အစောဆုံးအနေနဲ့ လာမယ့် ၂၀၂၁ ကြမှပဲ Galaxy S21 လိုမျိုး စမတ်ဖုန်းတွေမှာ အသုံးပြုလာနိုင်ခြေများနေပြီးတော့ 5nm Architecture ကို အခြေခံထားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် မကြာခင် ထွက်ရှိလာမယ့် Galaxy Note 20 Series ဖုန်းတွေမှာတော့ AMD GPU ပါဝင်မှာမဟုတ်သေးတဲ့ 6nm Architecture နဲ့ Exynos 992 Chipset ကိုပဲ အသုံးပြုလာဦးမှာပါ။

Ref – Gizmo China