Samsung ဟာ လာမယ့် Galaxy S21 Series ဖုန်းတွေမှာ 5nm Architecture ကို အခြေခံထားတဲ့ Exynos 2100 Chipset ကို အသုံးပြုလာမယ်ဆိုပြီး သတင်းတွေထွက်ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ 5nm Exynos 2100 Flagship Chipset ကို မကြေညာခင် Mid Range Chipset အသစ်ဖြစ်တဲ့ Exynos 1080 ကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။

Exynos 1080 Chipset ဟာ ပြီးခဲ့တဲ့ Samsung ရဲ့ Mid Range 5G Chipset တစ်ခုဖြစ်တဲ့ Exynos 980 အစားထိုးဝင်ရောက်လာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Samsung ရဲ့ High End A Series ဖုန်းတွေနဲ့ Vivo ရဲ့ X-Series ဖုန်းအသစ်တွေမှာ အစောဆုံးအသုံးပြုလာမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Exynos 1080 Chipset နဲ့ စမတ်ဖုန်းကို ၂၀၂၁ ခုနှစ်မှ တရားဝင်တွေ့ရှိရဖွယ်ရှိနေပါတယ်။

Exynos 1080 Chipset ဟာ Samsung အတွက် ပထမဆုံး 5nm Architecture ကို အခြေခံထားတဲ့ Chipset တစ်ခုဖြစ်ပြီး လက်ရှိ Apple A14 Bionic Chip ပြီးရင် ဒုတိယမြောက် 5nm Chipset လည်းဖြစ်ပါတယ်။ Core တွေအနေနဲ့ကတော့ ARM Cortex-A78 Core တွေကို 2.1GHz Clock Speed နဲ့ အသုံးပြုထားတယ်လို့ သိရပါတယ်။ Cortex-A78 Core တွေဟာ ယခင် Exynos 980 မှာပါဝင်တဲ့ Cortex-A77 Core တွေထက် စွမ်းဆောင်ရည်ပိုင်းမှာ ၂၀ ရာခိုင်နှုန်းပိုကောင်းမှာဖြစ်ပါတယ်။

နောက်ထပ် ပြောင်းလဲမှုတစ်ခုကတော့ GPU ပိုင်းပဲဖြစ်ပြီး ယခင် Exynos 980 မှာပါဝင်ခဲ့တဲ့ Mali-G76 ထက် Generation ၂ ခုပိုသာတဲ့ Mali-G78 GPU ကို ထည့်သွင်းပေးထားတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Graphic Performance ပိုင်းမှာလည်း ယခင်ကထက် သိသိသာသာကို တိုးတက်လာဖွယ်ရှိနေပါတယ်။

တရုတ်နိုင်ငံမှာရှိတဲ့ Samsung Semiconductor Research Institute ရဲ့ Director Dr. Pan Xuebao ရဲ့ ပြောကြားချက်အရတော့ ယခု Exynos 1080 Chipset နဲ့ ပတ်သက်တဲ့သတင်းအချက်အလက်အပြည့်အစုံကို မကြာခင်ထပ်မံကြေညာသွားဖို့ရှိတယ်လို့ သိရပါတယ်။

Ref – GSM Arena