Samsung ဟာ လာမယ့်နှစ်အစောပိုင်းမှာ ထွက်ရှိလာမယ့် Galaxy S22 Series ဖုန်းတွေမှာ GPU ပိုင်းကို အဆင့်မြှင့်တင်ထားတဲ့ Exynos 2200 Chipset အသစ်တွေကို အသုံးပြုလာမှာဖြစ်ပါတယ်။ အဆိုပါ Exynos 2200 Chipset တွေဟာ ပထမဆုံးအနေနဲ့ AMD နဲ့ ပူးပေါင်းပြီး GPU တွေကို ထုတ်လုပ်ထားတာဖြစ်တာကြောင့် Mobile GPU ပိုင်းမှာ ကျိန်းသေစောင့်ကြည့်ရမယ့် Chipset တွေဖြစ်လာပါတယ်။

ဒါပေမယ့်လည်း Exynos 2200 Chipset ရဲ့ CPU ပိုင်းစွမ်းဆောင်ရည်ပိုင်းဟာ ဘယ်လောက်ထိကောင်းမွန်လာမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ဖြစ်လာပါတယ်။ ယခုနှစ် Galaxy S21 Series ဖုန်းတွေမှာ အသုံးပြုထားတဲ့ Exynos 2100 Chipset ဟာ စွမ်းဆောင်ရည်ပိုင်းမှာ Flagship အဆင့်ရှိတယ်ဆိုပေမယ့် Snapdragon 888 လိုမျိုး Chipset တွေနဲ့ ယှဥ်ရင် အနည်းငယ်အားနည်းခဲ့ပါတယ်။

အခုနောက်ဆုံးထွက်ရှိလာတဲ့သတင်းတွေအရတော့ Samsung ရဲ့ Exynos 2200 Chipset ဟာ စွမ်းဆောင်ရည်ပိုင်းမှာ အမြင့်ဆုံး 31~34% အထိ ပိုကောင်းလာမှာဖြစ်ပြီး ပုံမှန်အခြေအနေတွေမှာတော့ 17~20% ဝန်းကျင်အထိ ပိုကောင်းမှာဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ အခုရလဒ်တွေဟာ Pre-release Software နဲ့ Hardware တွေအပေါ်မှာ အခြေခံထားတာကြောင့် တကယ်တမ်းရလဒ်တွေက အနည်းငယ်ကွဲပြားနိုင်ပါသေးတယ်။

Samsung ဟာ အခုလိုမျိုး AMD နဲ့ ပူးပေါင်းပြီး Exynos 2200 Chipset ရဲ့ GPU ပိုင်းကို ထုတ်လုပ်ထားတာကြောင့် လက်ရှိ High End Graphic Card တွေမှာပဲ အသုံးပြုနိုင်သေးတဲ့ Ray Tracing လိုမျိုး နည်းပညာတွေကိုပါ Support ပြုလုပ်မှာဖြစ်ပါတယ်။ တစ်ဖက်မှာတော့ Qualcomm Snapdragon 898 ရဲ့ GPU ဟာ Ray Tracing ကို Support လုပ်နိုင်မလား မသိရသေးတာကြောင့် Exynos Version Galaxy S22 ဖုန်းတွေပဲ Ray Tracing ကို Support ပြုလုပ်လာဖွယ်ရှိနေပါတယ်။

Ref – GSM Arena