Samsung ဟာ လက်ရှိကိုယ်ပိုင် Exynos Chipset တွေရဲ့ GPU ပိုင်းစွမ်းဆောင်ရည်ကို သိသိသာသာပိုကောင်းလာစေဖို့အတွက် AMD နဲ့ ပူးပေါင်းခဲ့တာ နှစ်အနည်းငယ်ရှိနေပြီဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဒီ AMD ရဲ့ Mobile RDNA2 နည်းပညာကို အခြေခံထားတဲ့ GPU ကို Exynos Chipset နဲ့ ပေါင်းစပ်ပြီး တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။

AMD ရဲ့ CEO ဖြစ်တဲ့ Dr. Lisa Su ကလည်း ပြီးခဲ့တဲ့ Computex 2021 Event မှာ ဒီ Mobile RDNA2 GPU အသစ်တွေဟာ စွမ်းဆောင်ရည်ပိုင်းမှာ လုံးဝကို အကောင်းဆုံးဖြစ်နေမယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘယ်အချိန်မှာ တရားဝင်မိတ်ဆက်လာမလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။

အခုလက်ရှိနောက်ဆုံး သိရှိထားရတဲ့သတင်းတွေအရ Samsung ဟာ လာမယ့် ဇူလိုင်လအတွင်းမှာတင် AMD RDNA2 GPU ပါဝင်တဲ့ Chipset တွေကို စမ်းသပ်သူအချို့ဆီမှာ မိတ်ဆက်သွားဦးမယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ လောလောဆယ် Exynos Chipset တွေမှာအသုံးပြုနေတဲ့ နောက်ဆုံးထွက် Mali GPU ထက်တောင် ၃၀ ရာခိုင်နှုန်းပိုမိုမြန်ဆန်မှာဖြစ်ပါတယ်။ ဒီလိုမျိုး မြန်ဆန်တဲ့အပြင် Heat Throttling ပိုင်းမှာလည်း ပိုထိန်းနိုင်တဲ့အတွက် ယခင် Chipset တွေနဲ့ယှဥ်ရင် သိသိသာသာကို အပူထုတ်လွှတ်မှုပိုင်းမှာ သက်သာနေမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ယခုနှစ်ကုန်ပိုင်း မမှီခဲ့ဘူးဆိုရင်တောင်မှ လာမယ့် ၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာမယ့် Samsung Flagship ဖုန်းတွေမှာ AMD GPU ပါဝင်ဖို့ကတော့ ကျိန်းသေနေပြီဖြစ်ပါတယ်။ လာမယ့်နှစ်မှာဆိုရင် Google ကိုယ်တိုင်ကလည်း သူတို့ရဲ့ Pixel စမတ်ဖုန်းတွေမှာ အသုံးပြုလာမယ့် ကိုယ်ပိုင် Chipset ပေါ်မှာ AMD RDNA2 GPU ကိုပါ အသုံးပြုဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် လာမယ့်နှစ်ပိုင်းမှာ စမတ်ဖုန်းတွေရဲ့ Graphic ပိုင်းစွမ်းဆောင်ရည်က သိသိသာသာပိုကောင်းလာဖို့ကတော့ ကျိန်းသေနေပါပြီ။

Ref – Notebook Check