လူကြိုက်များတဲ့ လူမှုကွန်ရက် App တွေမှာ Lite ဗားရှင်းတွေ ခွဲထားလေ့ရှိပါတယ်။ အထူးသဖြင့် အင်တာနက်ဝန်ဆောင်မှု မကောင်းတဲ့နေရာတွေ၊ ဈေးကြီးလွန်းတဲ့နေရာတွေအတွက် ရည်ရွယ်ပြီး ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။ Facebook Lite, Messenger Lite နဲ့ Twitter Lite တို့ဟာ ဒီလိုရည်ရွယ်ချက်နဲ့ ထုတ်လုပ်ထားကြတာပါ။

Lite ဗားရှင်းတွေဟာ အရွယ်အစားသေးငယ်ပြီး၊ နေရာယူမှုနည်းပါတယ်။ ဒီအတွက် သိုလှောင်မှုပမာဏနည်းပါးပြီး စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်းတွေအတွက် ဦးစားပေးရွေးချယ်စရာ ဖြစ်ပါလာပါတယ်။ Facebook ဟာ Instagram အတွက်လည်း Android Lite app အသစ်တစ်ခုကို ကြေညာလာပြီ ဖြစ်ပါတယ်။ ဒါဟာ မူလ Instagram app ကို အရည်အသွေးလျော့ချထားတာလည်း ဖြစ်ပါတယ်။

Instagram Lite ကို အိန္ဒိယမှာပြုလုပ်တဲ့ “Facebook Fuel for India” event မှာ ကြေညာခဲ့တာပါ။ ဒီ App ရဲ့ အရွယ်အစားဟာ 2MB ပဲ ရှိတယ်လို့ သိရပါတယ်။ အရွယ်အစားသေးငယ်ပေမယ့် သုံးစွဲရတာပိုမိုမြန်ဆန်သလို၊ မူလ Instagram app မှာရှိတဲ့ Feature တွေဖြစ်တဲ့ Reels, Shopping, IGTV စတာတွေလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

Lite ဗားရှင်းဖြစ်တဲ့အတွက် မူရင်း Instagram app မှာပါဝင်တဲ့ Feature အကုန်လုံးကိုတော့ သုံးနိုင်မှာမဟုတ်ပါဘူး။ လက်ရှိအချိန်မှာတော့ Instagram Lite ကို အိန္ဒိယနိုင်ငံကပဲ သုံးခွင့်ရဦးမှာ ဖြစ်ပါတယ်။ တောင်အာရှနိုင်ငံကြီးဟာ Facebook သုံးစွဲသူအများဆုံးဖြစ်ပြီး Statista ရဲ့ ၂၀၂၀ နိုဝင်ဘာ အစီရင်ခံစာအရ စုစုပေါင်း သန်း ၃၁၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ဒါကလည်း Instagram Lite ကို အိန္ဒိယနိုင်ငံက ဦးဆုံးသုံးစွဲခွင့်ရတဲ့ အကြောင်းရင်း တစ်ရပ်ဖြစ်ပါတယ်။

Instagram Lite ကို အိန္ဒိယနိုင်ငံမှာ စမ်းသပ်မှုတွေပြုလုပ်ပြီးရင်တော့ အခြားကမ္ဘာ့နိုင်ငံအများစုဆီ ပို့ဆောင်ပေးမယ်လို့ Facebook ကပြောပါတယ်။ မူလ Instagram Lite app ဟာ ထုတ်ဖော်ကြေညာခြင်းမပြုတဲ့ Issue တွေနဲ့အတူ မေလမှာ ရပ်ဆိုင်းခဲ့ပါတယ်။ App အသစ်ကို ဒီလအစောပိုင်းကတည်းက Play Store မှာတွေ့ရပြီး တပ်ဆင်သုံးစွဲသူပေါင်း ၅ သန်းခန့်ရှိနေပြီ ဖြစ်ပါတယ်။

Ref: Gizmochina