ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်က စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရတ်ဟာ သဘာဝအတိုင်း ဖြစ်ပေါ်လာတာလား၊ ဒါမှမဟုတ် လူတွေရဲ့ဖန်တီးမှုကြောင့် ဖြစ်ပေါ်လာတာလားဆိုတာကို အခုအချိန်အထိ အငြင်းပွားနေတုန်း ဖြစ်ပါတယ်။ အများစုကတော့ ဒီဗိုင်းရတ်ပိုးဟာ လူရဲ့ဖန်တီးမှုကတစ်ဆင့် ပေါ်ပေါက်လာတာလို့ စွပ်စွဲပြောဆိုနေကြပေမယ့် တိကျခိုင်လုံတဲ့ အထောက်အထားလည်း မတွေ့ရသေးတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်တွေတုန်းကတော့ Facebook ဟာ သူ့ရဲ့ပလက်ဖောင်းပေါ်မှာ ကိုရိုနာဗိုင်းရတ်ကို လူကဖန်တီးတယ် (COVID-19 was man-made) လို့ ရည်ညွန်းပြောဆိုရေးသားရင် ဖယ်ရှားပစ်တဲ့ မူဝါဒကို ကျင့်သုံးခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Facebook Inc (FB.O) ဟာ ဒီပေါ်လစီကို ဆက်ပြီး ကျင့်သုံးတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။

“COVID-19 ရဲ့ မူလအစကို စုံစမ်းစစ်ဆေးမှုတွေနဲ့၊ ပြည်သူ့ကျန်းမာရေ:ဆိုင်ရာ ကျွမ်းကျင်သူများနဲ့ တိုင်ပင်ဆွေးနွေးခဲ့တဲ့ ရလဒ်တွေအရ ကျွန်ုပ်တို့အနေနဲ့ (COVID-19 was man-made) ဆိုတဲ့ ရေးသားပြောဆိုမှုတွေကို ပလက်ဖောင်းပေါ်ကနေ ဖယ်ရှားတော့မှာမဟုတ်ပါဘူး” လို့ Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုုးသမီးက email ကတစ်ဆင့် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

“Facebook အနေနဲ့ ဒီကပ်ရောဂါရဲ့ ကူးစက်ပျံ့ပွားမှုသဘောသဘာဝတွေနဲ့ လိုက်လျောညီထွေရှိစေဖို့အတွက် အချက်အလက်သစ်တွေပေါ်ပေါက်လာတာနဲ့အမျှ မူဝါဒတွေကိုပုံမှန်မွမ်းမံဖို့ ပြည်သူ့ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတွေနဲ့ ဆက်လက်ပြီးလက်တွဲလုပ်ဆောင်နေပါတယ်” လို့လည်း ထုတ်ပြန်ကြေညာချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါသေးတယ်။

COVID-19 နဲ့ပတ်သက်တဲ့ Facebook ရဲ့ မူဝါဒပြောင်းလဲမှုမတိုင်မီမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဗိုင်းရတ်ရဲ့ မူလအစနဲ့ပတ်သက်ပြီး အဖြေရှာဖော်ထုတ်ဖို့ အစိုးရအဖွဲ့ကို ခိုင်းစေခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေးအေဂျင်စီကတော့ ဒီဗိုင်းရတ်ရဲ့ မူလအစနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံတွင်းဓါတ်ခွဲခန်းရဲ့ မတော်တဆဖြစ်နိုင်ခြေတွေအပါအဝင် အခြားဖြစ်နိုင်ခြေရှိတဲ့ သီအိုရီတွေကို ရှာဖွေလျက်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

ကပ်ရောဂါကာလအတွင်းမှာ ကုမ္ပဏီဟာ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်မှားတွေကိုတိုက်ဖျက်ဖို့အတွက် ဖိအားပေးမှုတွေကို ကြုံတွေခဲ့ရပါတယ်။ COVID-19 ဆိုင်ရာနဲ့ ကာကွယ်ဆေးဆိုင်ရာသတင်းအချက်အလက်တွေကို ချိုးဖောက်တဲ့အတွက် ပလက်ဖောင်းပေါ်က Content ပေါင်း ၁၆ သန်းကျော်ကိုလည်း ဖယ်ရှားခဲ့ရတယ်လို့ Facebook ပြောဆိုခဲ့ပါတယ်။

Ref: Reuters