Facebook နဲ့ Messenger App တွေဟာ ဖုန်းရဲ့ ဘက်ထရီကို အားမြန်မြန်ကုန်စေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်နေတာတော့ ကြာပါပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီး လက်ဆုပ်လက်ကိုင် မပြနိုင်ကြသေးပေမဲ့ Facebook ဝန်ထမ်းဟောင်း Data Scientist ဖြစ်တဲ့ George Hayward ကတော့ Facebook ဟာ သုံးစွဲသူတွေရဲ့ ဖုန်းတွေက ဘက်ထရီအားကို ပိုပြီးကုန်ဆုံးစေနိုင်တယ်လို့ ဆိုလိုက်ပါတယ်။

Facebook က စမ်းသပ်နေတဲ့ ကိစ္စတစ်ခုဟာ “Negative testing” လို့ အမည်ရပြီး နည်းပညာကုမ္ပဏီတွေအနေနဲ့ App ဒါမှမဟုတ် Image တစ်ခုဟာ ဘယ်လောက်ထိ Load ဖြစ်သလဲဆိုတာကို စမ်းသပ်နိုင်ခွင့် ပြုထားတာပါ။ ဒီစမ်းသပ်ခွင့်နဲ့အတူ ဖုန်းရဲ့ဘက်ထရီတွေကိုလည်း တိတ်တဆိတ် အားကုန်ဆုံးစေတာ ဖြစ်တယ်လို့ The New York Post က ဖော်ပြထားပါတယ်။

Hayward ကတော့ ဒီ “Negative testing” မှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့တာကြောင့် Facebook ရဲ့ မိခင်ကုမ္ပဏီကြီးဖြစ်တဲ့ Meta က အလုပ်ထုတ်ပယ်ခြင်းကို ခံခဲ့ရပါတယ်။ ဒီစမ်းသပ်မှုဟာ “တစ်ယောက်ယောက်ကို အန္တရာယ်ဖြစ်စေနိုင်တယ်” လို့ ပြောခဲ့ပေမဲ့ မန်နေဂျာကတော့ လူအနည်းငယ် ထိခိုက်နိုင်ပေမဲ့ လူအများစုကို ကူညီနိုင်တယ်လို့ ပြောဆိုခဲ့ကြောင်း ပြန်ပြီးဖွင့်ဟခဲ့ပါတယ်။

Hayward ဟာ နိုဝင်ဘာလမှာ Meta ရဲ့ ထုတ်ပယ်ခြင်းကို ခံခဲ့ရပြီး ကနဦးကတော့ ကုမ္ပဏီကို Manhattan Federal Court မှာ တရားစွဲဆိုခဲ့ပါသေးတယ်။ ဒါပေမဲ့ Meta ရဲ့ အလုပ်ခန့်ထားမှု စည်းမျဉ်းတွေကြောင့် တရားစွဲဆိုမှုကို ရုပ်သိမ်းခဲ့ရပါတယ်။ Hayward ကတော့ ဒီစမ်းသပ်မှုဟာ တရားမဝင်ကြောင်းနဲ့ ကိုယ့်ဖုန်းဘက်ထရီကို သူများကအသုံးချသွားတာဟာ ဒေါသဖြစ်စရာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Ref: Phone Arena