Facebook ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Podcast အပါအဝင် Audio formats အချို့ကို မိတ်ဆက်ကြောင်းကြေညာခဲ့ပါတယ်။ အဆိုပါနှစ် ဇွန်လမှာ အမေရိကန်က အသုံးပြုသူတွေအနေနဲ့ Audio ဝန်ဆောင်မှုကို စတင်ပြီး အသုံးပြုနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Facebook ရဲ့ Podcasting ဟာ အလားအလာကောင်းနေတယ်လို့ ယူဆရပေမဲ့ ထူးဆန်းစွာပဲ အလှည့်အပြောင်းတစ်ခုကို ကြုံတွေ့လာရပြီလို့ ဆိုနိုင်ပါတယ်။ Meta က ပိုင်ဆိုင်တဲ့ ဆိုရှယ်မီဒီယာဆိုက်ဟာ Podcast တွေကို စွန့်လွှတ်ပြီဖြစ်ကြောင်း၊ လာမဲ့လကစပြီး ပလက်ဖောင်းပေါ်ကနေ ဖယ်ရှားတော့မှာဖြစ်ကြောင်း သတင်းထွက်ပေါ်လာပါတယ်။ ဒါဟာ ကနဦးရှိခဲ့ပြီးတဲ့ သံသယတွေကို မှန်ကန်ကြောင်းအတည်ပြုလိုက်တာပါပဲ။

Bloomberg ရဲ့ အဆိုအရ လာမဲ့ ဇွန်လ ၃ ရက် ကစပြီး Podcast ဝန်ဆောင်မှုကို ရရှိနိုင်တော့မှာမဟုတ်တဲ့အကြောင်း Facebook က Creators တွေကို အသိပေးခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ပလက်ဖောင်းဟာ Soundbites လို့ခေါ်တဲ့ Short audio content creation tool နဲ့ သူ့ရဲ့ Central audio hub တို့ကို ဖယ်ရှားတော့မှာ ဖြစ်ပါတယ်။

ကုမ္ပဏီကတော့ အခြားအတွေ့အကြုံတွေကို အာရုံစိုက်ဖို့အတွက် ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အခုလိုလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လက သတင်းအရ Online shopping, Metaverse events နဲ့ Short video projects စတာတွေဖြစ်မယ်လို့ ယုံကြည်ရပါတယ်။ ကုမ္ပဏီအနေနဲ့ Podcast နဲ့ Soundbites ကို ဖယ်ရှားနေစဉ်အတွင်း အသုံးပြုသူအနေနဲ့ အသံချည်းသက်သက် ဒါမှမဟုတ် ရုပ်သံ လွှင့်တင်နိုင်တဲ့ Live Audio Rooms ကို Facebook Live မှာ ပေါင်းစပ်ပေးမယ်လို့ သိရပါတယ်။

Ref: Android Police