Facebook ဟာ ဒီနေ့အချိန်အခါမှာ ဒေါ်လာ ထရီလီယံနဲ့ချီတန်ဖိုးရှိတဲ့ ကုမ္ပဏီစာရင်းထဲကို ဝင်ရောက်လာပြီလို့ သိရပါတယ်။ လူမှုကွန်ရက်အဖြစ် လူသိများကျော်ကြားတဲ့ကုမ္ပဏီဟာ လက်ရှိအချိန်မှာ $1.008 ထရီလီယံ တန်ဖိုးကို ရောက်ရှိနေပြီလို့ Yahoo Finance က ဖော်ပြထားပါတယ်။

Facebook အနေနဲ့ ကုမ္ပဏီရဲ့တန်ဖိုး ထရီလီယံအထိ ရောက်ရှိမြင့်တက်သွားတာက သူ့ရဲ့သမိုင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တန်ကြေး ဒေါ်လာ ၁ ထရီလီယံ သတ်မှတ်ချက်ကိုကျော်လွန်သွားတဲ့ အမေရိကန်နည်းပညာကုမ္ပဏီတွေထဲမှာ Facebook ဟာ 2000s မှာ တည်ထောင်ခဲ့တဲ့ တစ်ခုတည်းသော ကုမ္ပဏီလည်း ဖြစ်ပါတယ်။

Facebook ကို ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ Google ဟာ ၁၉၉၈ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာကို တွေ့ရပါလိမ့်မယ်။ Facebook ကုမ္ပဏီဟာ Messenger, Instagram, WhatsApp နဲ့ Oculus တို့ကိုလည်း ပိုင်ဆိုင်သေးတာ ဖြစ်ပါတယ်။

Facebook ဟာ Instagram, WhatsApp တို့နဲ့လည်း လက်ဝါးကြီးအုပ်ထားတယ်ဆိုတဲ့အကြောင်း လုံလောက်တဲ့အချက်အလက်၊ အထောက်အထားမရှိတာကြောင့် ပလပ်လိုက်ကြောင်း သတင်းထွက်ပေါ်လာတာနဲ့တစ်ပြိုင်နက် ကုမ္ပဏီရဲ့တန်ကြေးကလည်း အခုလိုမျိုး မြင့်တက်လာရတာဖြစ်ပါတယ်။

Ref: The Verge