Facebook ဟာ လက်ရှိအချိန်မှာ လူသုံးအများဆုံး Social Media Platform တွေထဲမှာ ပါဝင်နေပြီဖြစ်ပါတယ်။ အခုလိုမျိုး လူသုံးများလာတာနဲ့အတူ သတင်းတွေကိုလည်း Facebook မှာ ယခင်ကထက်ပိုပြီးတွေ့လာရပါတယ်။

ဒါပေမယ့်လည်း Facebook ပေါ်မှာ တွေ့ရှိရတဲ့သတင်းတွေအကုန်လုံးက မှန်ကန်တယ်လို့ မဆိုနိုင်ဘဲ နိုင်ငံရေး၊ ကျန်းမာရေးနဲ့ တခြားသောနယ်ပယ်ပေါင်းစုံမှာ သတင်းအမှားတွေကလည်း များပြားစွာပျံ့နှံ့နေပါတယ်။ အဲ့ဒီအတွက်ကိုလည်း Facebook ကနေ ဆက်တိုက်ကို သတင်း Page တွေကို စီစစ်ပြီး သတင်းအတုအယောင်တွေ ဖြန့်ဝေတဲ့ Page တွေကို “Flagged” ပြုလုပ်ခြင်း၊ သတင်းအမှားလို့ သံသဃရှိပါက ဖတ်ရှုသူကို အသိပေးခြင်းတွေပြုလုပ်လျက်ရှိပါတယ်။

အခုအချိန်မှာတော့ Facebook ကနေ နောက်ထပ် သတင်းအမှား၊ သတင်းအတုအယောင်တွေနဲ့ ပတ်သက်ပြီး ကြေညာချက်နောက်ထပ်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒါကတော့ Facebook Page တွေနဲ့ Group တွေတင်မဟုတ်ဘဲ Personal Account တွေကပါ သတင်းအမှားတွေကို ဆက်တိုက် Share ခြင်း၊ ဖြန့်ဝေခြင်းပြုလုပ်ပါက အရေးယူသွားတော့မှာပဲဖြစ်ပါတယ်။

ဒီလိုမျိုး အရေးယူတာက သတင်းမှားဖြန့်ဝေတဲ့ Facebook Account ကို ချက်ချင်းပိတ်သိမ်းမှာတော့မဟုတ်ဘဲ News Feed မှာ အဆိုပါ Account ကနေ ဖြန့်ဝေတဲ့ Content တွေကို လျော့ချသွားပြီး လူတွေ့နည်းအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သတင်းမှား ဟုတ်မဟုတ်အတွက်ကိုလည်း သီးသန့် Fact Checker တွေကနေ စစ်ဆေးသွားမယ်လို့ သိရပါတယ်။

တကယ်လို့ ဆက်လက်ပြီး သတင်းအမှားတွေကို ဖြန့်ဝေမယ်ဆိုရင်တော့ အဆိုပါ Account တွေကို သတိပေးတာမျိုးအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာ Facebook ကနေ Share ထားမိတဲ့သတင်းအမှားတွေကို ပြန်ဖျက်ဖို့အထိ Notification အနေနဲ့ ပေးပို့သွားမယ်လို့လည်း သိရပါတယ်။

Facebook ဘက်ကတော့ အခုလိုမျိုး အရေးယူမှုပြုလုပ်ဖို့အတွက် ဘယ်လောက်အထိ သတင်းအမှားတွေကို ဖြန့်ဝေတဲ့အပေါ်မှုတည်မလဲဆိုတာကိုတော့ အတိအကျပြောကြားခြင်းမရှိခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် အသုံးပြုသူတွေအနေနဲ့ သတင်းအမှားဖြန့်ဝေတယ်လို့ ယူဆရတဲ့ Facebook Account တွေနဲ့ Facebook Page တွေကိုတော့ Report ပြုလုပ်တာက အကောင်းဆုံးဖြစ်မှာပါ။

Ref – Engadget