Facebook ရဲ့ New Product Experimentation Team (NPE) က MEME ဖန်တီးတဲ့ Whale App, Pinterest နဲ့တူတဲ့ Hobbi App တွေကို အရင်က ဖန်တီးထားပါတယ်။ အခုတော့ NPE က စုံတွဲတွေ ရှယ်ရိုနိုင်မယ့် Messenger App ၁ ခုကို ဖြန့်ချိလိုက်ပြီး Tuned လို့ နာမည်ပေးထားပါတယ်။

တခြား Messaging App ထက် ထူးခြားတာက ရိုမန့်တစ် ဆန်နိုင်မယ့် လုပ်ဆောင်ချက်တွေ ပါလာတာပါ။ စုံတွဲတွေ အရင်က အမှတ်တရတွေကို ပြန်မျှဝေပြီး ကြည်နူးနိုင်အောင် Scrapbook လို Feed တွေ ဖန်တီးနိုင်ပါတယ်။ ဓါတ်ပုံတွေအပြင် Voice Memos , Cards , Notes နဲ့ Custom Stickers တွေ ပေးပို့နိုင်ပါတယ်။ Spotify အကောင့်နဲ့ ချိတ်ဆက်ပြီး Playlists တွေ မျှဝေနိုင်တဲ့အတွက် ချစ်တေး သံစဉ်တွေ ချစ်သူကို ဖွင့်ပြနိုင်ပါတယ်။

Facebook က “ စုံတွဲတွေ ၂ ယောက်ထဲ ချစ်ကြည်နူးနိုင်မယ့် နေရာလေး ဖြစ်ပါတယ်။ Tuned နဲ့ဆိုရင် ခွဲခွာနေရတဲ့ ချစ်သူတွေတောင် ရင်ခုန်သံချင်း နီးနေမှာပါ။ သင့် အချစ်တွေ၊ ခံစားချက်တွေကို ချစ်သူ သိအောင် ရင်ဖွင့်နိုင်သလို သီချင်းတွေကို မျှဝေနိုင်ပါတယ်။ အမှတ်တရတွေကို Digital Scrapbook အဖြစ် ဖန်တီးနိုင်ပါတယ်။ “ လို့ ရေးသားထားပါတယ်။

အခုတော့ ကိုရိုနာဗိုင်းရက်စ်ကြောင့် အိမ်ထဲအောင်းနေရတဲ့အတွက် ချစ်သူတွေ နီးကပ်နေကြပါတယ်။ တစ်နေရာစီမှာ ခွဲခွာနေရတဲ့ စုံတွဲတွေအတွက်တော့ Tuned က ရင်ခုန်သံချင်းနီးနေစေမှာပါ။ လက်ရှိမှာ iOS အတွက်ပဲ ထုတ်လုပ်ပေးထားပြီး Android အတွက်ရမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : tnw