Facebook ဟာ အခုနောက်ပိုင်းမှာ Facebook App အပါအဝင် Messenger App တွေကို အာရုံစိုက်ပြီး အဆင့်မြှင့်တင်မှုတွေ ပြုလုပ်လာတာကို တွေ့ရပါတယ်။ မကြာသေးခင်ကပဲ Facebook Pay ပေါင်းစည်းမှုကို တွေ့မြင်ခဲ့ရပါသေးတယ်။

အခုလည်း အမေရိကန်အခြေစိုက်ကုမ္ပဏီဟာ ကလေးသူငယ်တွေအတွက် အထူးပြုလုပ်ထားတဲ့ Messenger Kids ထပ်ပြီး Update လုပ်လာတာကို တွေ့ရပါတယ်။ Messenger Kids ဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတည်းက မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ကလေးငယ်တွေ အလွယ်တကူအသုံးပြုနိုင်တဲ့အပြင်၊ မိဘရဲ့ ကြီးကြပ်မှုအတွက်လည်း လွယ်ကူစွာနဲ့ ပြောင်းလွယ်ပြင်လွယ်လုပ်နိုင်တာကြောင့် အမေရိကန်မှာတော့ ထောက်ခံမှုတွေ ရရှိခဲ့ပါတယ်။

အခုကတော့ လုံခြုံရေးပိုင်းအပြင်၊ အခြားလုပ်ဆောင်ချက်တွေကို လွယ်လွယ်ကူကူ ပြုလုပ်နိုင်အောင်လို့ Update ထုတ်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် Messenger Kid ကို အမေရိကန်အပြင် အခြားဒေသတွေကိုလည်း ဖြန့်ကျက်နိုင်ဖို့ အာရုံစိုက်လာတယ်လို့ ဆိုရင် မမှားပါဘူး။

အကြမ်းအားဖြင့် ပြောရမယ်ဆိုရင် Supervised Friending ဟာ ကလေးတွေကို ဆက်သွယ်မှုအသစ်တွေ ထည့်သွင်းခွင့်မပြုဘဲ မိဘတွေကိုသာခွင့်ပြုပေးထားတဲ့ လုပ်ဆောင်ချက်သစ်နဲ့ အစားထိုးမှာ ဖြစ်ပါတယ်။ ပုံစံသစ်မှာ ဆက်သွယ်မှုအသစ်ကို ကလေးကလည်း သိရှိခွင့်ရမှာဖြစ်ပေမယ့် အတည်ပြုခွင့်ကတော့ မိဘကပဲ ရမှာဖြစ်ပါတယ်။

Approved Adults ကတော့ မိဘတွေအနေနဲ့ ကလေးတွေကို သတ်မှတ်ထားတဲ့ Group ထဲကို ထည့်သွင်းခွင့်ပြုတာပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် Virtual Spaces မှာ ဆရာတွေနဲ့ တွေ့ဆုံနိုင်မှာဖြစ်ပြီး သင်ကြားမှုတွေ၊ အစုအဖွဲ့နဲ့ လုပ်ဆောင်မှုတွေ၊ သင်ရိုးညွှန်းတမ်းနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်ဖို့အတွက်လည်း အများကြီးအထောက်အကူ ဖြစ်လာမယ်လို့ သိရပါတယ်။ Facebook Messenger Kids app ဟာ နိုင်ငံပေါင်း ၇၀ ကျော်မှာ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ (ဒီနေရာမှာ ကြည့်နိုင်ပါတယ်)

Ref: GSM Arena