COVID-19 ကြောင့် လူတွေ ခပ်ခွာခွာနေနေကြတဲ့အတွက် Zoom လို Video Conferencing Tool တွေ လူသုံးများလာကြပါတယ်။ မိသားစုတွေ၊ သူငယ်ချင်းတွေ ဆက်သွယ်ကြသလို အလုပ်ကိစ္စတွေအတွက်လည်း သုံးလာကြပါတယ်။ Facebook ကလည်း အားကျမခံ Zoom ကို ယှဉ်ပြိုင်မယ့် Messenger Rooms ကို ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ကြေညာခဲ့ပါတယ်။

Messenger Rooms ဟာ Zoom ကို ယှဉ်ဖိုက်ဖို့ ဖန်တီးထားတာ ဖြစ်ပေမယ့် Screen Sharing လို လုပ်ငန်းသုံး လုပ်ဆောင်ချက်တွေ မပါလာသေးပါဘူး။ လူတွေ ဆက်သွယ်စကားပြောနိုင်ဖို့ အဓိက ဖန်တီးထားတာပါ။ အခုတော့ Facebook က Messenger Rooms ကို စတင် အသုံးပြုခွင့်ပေးလိုက်ပါတယ်။

တစ်ကမ္ဘာလုံးအတွက် ဖြန့်ချိပေးနေတာ ဖြစ်ပါတယ်။ အခမဲ့ Video Call မှာ လူ ၅၀ အထိ ပါဝင်နိုင်တဲ့အတွက် လူများစွာ စုဝေး ဆက်သွယ်လို့ အရမ်းကောင်းမှာ ဖြစ်ပါတယ်။ အချိန်ကန့်သတ်ထားတာ မရှိပါဘူး။ Zoom မှာလို Room ကို User တွေက စတင် တည်ထောင်နိုင်ပြီး ပါဝင်စေချင်တဲ့ လူတွေကို ဖိတ်ခေါ်နိုင်ပါတယ်။ Facebook အကောင့် မလိုဘဲ သုံးနိုင်ပါတယ်။

သင့်ရဲ့ Room ကို မြင်စေချင်သူတွေ၊ ပါဝင်စေချင်သူတွေကို သင်က ရွေးချယ်နိုင်ပြီး အလိုမရှိသူတွေကို အချိန်မရွေး Room ကနေ ထုတ်ပယ်နိုင်ပါတယ်။

Ref : gsmarena