Facebook ဟာ Social Media ကုမ္ပဏီတစ်ခုဖြစ်ပေမယ့် ယခင်တုန်းက Video Call ပြောဆိုမှုတွေအတွက် Smart Display ပုံစံ Facebook Portal ကို မိတ်ဆက်ခဲ့ဖူးပါသေးတယ်။ အခုလည်း Facebook ကနေ Smartwatch အသစ်တစ်မျိုးကို မိတ်ဆက်ဖို့စီစဥ်နေတယ်လို့ သတင်းထွက်ပေါ်လာပါပြီ။

အဆိုပါ Smartwatch ဟာ Facebook အတွက် ပထမဆုံး Smartwatch ဖြစ်လာမှာဖြစ်ပြီး လက်ရှိစျေးကွက်ထဲမှာရှိတဲ့ Smartwatch တွေနဲ့လည်း သိသိသာသာကွဲထွက်နေမှာဖြစ်ပါတယ်။ ဒါကဘာကြောင့်လဲဆိုရင် Facebook Smartwatch မှာ ဖြုတ်နိုင်၊ တပ်ထားနိုင်မယ့် Camera ၂ လုံးကိုပါ ထည့်သွင်းလာမှာကြောင့်ဖြစ်ပါတယ်။

လက်ရှိပေါက်ကြားလာတဲ့သတင်းအရတော့ Smartwatch ရဲ့ Display အပေါ်မှာ Video Call တွေအတွက် Camera တစ်လုံးကို အသေတပ်ဆင်ထားမှာဖြစ်ပြီး နောက်ထပ် Smartwatch Stainless Steel Frame ရဲ့ အနောက်ဖက်မှာရှိတဲ့ Camera ကိုတော့ ဖြုတ်ထားပြီး Video ၊ Photo ရိုက်ကူးမှုတွေကို ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။ ဒါပေမယ့် Design ပိုင်းဘယ်လိုပုံစံဖြစ်လာမလဲဆိုတာကတော့ Render ဓါတ်ပုံတွေထွက်ရှိလာမှပဲ အသေးစိတ်သိရှိနိုင်မှာပါ။

Facebook Smartwatch ဟာ အဓိကအနေနဲ့ Video Calling နဲ့ GoPro ပုံစံ ဓါတ်ပုံ၊ ဗီဒီယိုရိုက်ကူးမှုတွေအတွက် ရည်ရွယ်ထားမှာဖြစ်ပြီး Facebook အပြင် Messenger ၊ Instagram လိုမျိုး App တွေကိုပါ Support ပေးနိုင်မှာပါ။ Video Quality အနေနဲ့အမြင့်ဆုံး Full HD 1080p အထိ Support ပေးသွားမယ်လို့ သိရပါတယ်။

နောက်ထပ် Feature တွေအနေနဲ့ကတော့ LTE Support ပါဝင်မှာဖြစ်သလို ပုံမှန် Smartwatch တွေမှာပါဝင်နေကြ Heart Rate Sensor တွေလည်းပါဝင်မယ်လို့ သိရပါတယ်။ အရောင်အနေနဲ့ကတော့ White ၊ Black နဲ့ Gold ဆိုပြီး ၃ ရောင်မိတ်ဆက်လာမှာဖြစ်ပြီး အလုံးရေ သိန်းဂဏန်းခန့် ရောင်းချရဖို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Facebook ရဲ့ ခန့်မှန်းချက်အရတော့ အဆိုပါ Smartwatch ဟာ လာမယ့် ၂၀၂၂ ခုနှစ်မှာ တရားဝင်မိတ်ဆက်မှာဖြစ်ပြီး မကြာခင်မှာ အသေးစိတ်သတင်းအချက်အလက်တွေကို သိရှိရဖွယ်ရှိနေပါတယ်။

Ref – The Verge