Facebook ကနေ အခုအချိန်မှာ ထူးထူးခြားခြား App တစ်ခုကို စမ်းသပ်နေပါတယ်။ ဒါကတော့ ကိုယ့်ရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုတွေကို လူ ၈ ယောက်အထိ တစ်ပြိုင်နက်ထဲ ခေါ်ဆိုနိုင်မယ့် Voice Calling App တစ်ခုဖြစ်ပြီး နာမည်ကိုတော့ CatchUp လို့ ပေးထားတယ်လို့ သိရပါတယ်။

အဆိုပါ CatchUp Voice Calling App ဟာ အသုံးပြုဖို့အတွက် Facebook Account လိုအပ်မှာမဟုတ်ဘဲ ကိုယ့်ဖုန်းထဲမှာရှိတဲ့ Contact List ကိုပဲ အသုံးပြုပြီးတော့ ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ကိုယ် Voice Call ခေါ်ဆိုချင်တဲ့ တစ်ဖက်လူက Available ဖြစ်နေရင်လည်း အသိပေးသွားဦးမယ်လို့ သိရပါတယ်။

Facebook ကတော့ အခုလိုမျိုး CatchUp App ကို ပြုလုပ်ရတဲ့ရည်ရွယ်ချက်အနေနဲ့ ပုံမှန် Phone Call တွေခေါ်ဆိုနေတာကို လျော့ချဖို့အတွက်နဲ့ တစ်ဖက်လူက ကိုယ်ခေါ်ဆိုတဲ့အချိန်မှာ စကားပြန်လည်ပြောဆိုဖို့ အားလပ်ရဲ့လားဆိုတာကိုပါ သိရှိနိုင်စေဖို့ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့်လည်း Video Calling Feature ပါဝင်မှာမဟုတ်ဘဲ Voice Call သီးသန့်ပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Facebook အနေနဲ့ Voice Call နဲ့ Video Call လိုမျိုး Feature တွေအတွက် WhatsApp နဲ့ Messenger လိုမျိုး App တွေရှိနေပြီး ဖြစ်ပေမယ့် ယခု CatchUp ဟာ Facebook Account လိုအပ်မှာမဟုတ်သလို အသုံးပြုရတာလည်း ရိုးရှင်းတဲ့အတွက် နည်းပညာနဲ့ အကျွမ်းတဝင်မရှိတဲ့သူတွေအတွက် ပိုပြီး အဆင်ပြေမှာဖြစ်တယ်လို့ ယူဆရပါတယ်။

Ref – Android Central