Facebook က လာမယ့် ၆ လအတွင်းမှာ WhatsApp Pay ကို နိုင်ငံများစွာမှာ တိုးချဲ့ ဝန်ဆောင်မှုပေးဖို့ ပြင်ဆင်နေပါတယ်။ အိန္ဒိယ ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဘရာဇီးတို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဓိက ဝန်ဆောင်မှုပေးမှာပါ။

Facebook က ၂၀၁၈ ခုနှစ်မှာ WhatsApp Pay ကို အိန္ဒိယမှာ လူ ၁ သန်းလောက်နဲ့ စမ်းသပ်ခဲ့ပါတယ်။ ဒါပေမယ့် လိုင်စင် ပြဿနာကြောင့် စီးပွားဖြစ် ဝန်ဆောင်မှု မပေးနိုင်သေးပါဘူး။ အိန္ဒိယ အစိုးရက ဒစ်ဂျစ်တယ် ငွေပေးချေတဲ့ ဝန်ဆောင်မှု လုပ်ကိုင်ချင်တဲ့ ကုမ္ပဏီတွေဟာ ဒေတာတွေကို နိုင်ငံတွင်းမှာပဲ သိမ်းဆည်းရမယ်လို့ သတ်မှတ်ထားပြီး ဒီအချက်ကို WhatsApp က မပြုလုပ်နိုင်သေးတဲ့အတွက် ဝန်ဆောင်မှုပေးဖို့ နောက်ကျနေတာပါ။

WhatsApp Pay ရဲ့ ရည်ရွယ်ချက် ၁ ခုက ဓါတ်ပုံ ပေးပို့သလို ငွေကြေးကို မြန်မြန်ဆန်ဆန် ပေးပို့နိုင်ဖို့ ဖြစ်ပြီး အိန္ဒိယမှာ Beta Version ကို စမ်းသပ်ခဲ့တာပါ။ WhatsApp Pay ကနေ ငွေပေးပို့ရတာ အရမ်း လွယ်ပါတယ်။ Users တွေက ငွေပမာဏ ထည့်သွင်းပြီး PIN ရိုက်ထည့်လိုက်တာနဲ့ အိုကေပါပြီ။ ဘဏ် အကောင့်ကနေ ငွေပို့တာ ၊ ငွေ လက်ခံတာတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။ Unified Payments Interface (UPI) ကို အခြေပြုပြီး ဒီဝန်ဆောင်မှုကို ပြုလုပ်ထားတာပါ။

အိန္ဒိယဟာ ကမ္ဘာမှာ အတိုးတက်ဆုံး ဈေးကွက်ကြီး ဖြစ်ပြီး လာမယ့် ၂ နှစ်၊ ၃ နှစ်အတွင်းမှာ ဒစ်ဂျစ်တယ် ငွေပေးချေတဲ့ စနစ်ကို လူပေါင်း ၁၀ သန်းကျော် သုံးမယ်လို့ တွက်ချက်ထားကြပါတယ်။ အဲဒီမှာ WhatsApp သုံးသူ သန်း ၄၀၀ လောက်ရှိတဲ့အတွက် WhatsApp Pay ဟာ Google Pay နဲ့ Paytm တို့ကို ကောင်းကောင်း ယှဉ်ပြိုင်နိုင်မှာပါ။

Ref : techradar