Facebook ဟာ သူ့ရဲပလက်ဖောင်းမှာ လူတွေရဲ့ဓါတ်ပုံကို စကင်ဖတ်ပြီး Tag တွဲပေးတဲ့ လုပ်ဆောင်ချက်နဲ့ပတ်သက်လို့ ဥပဒေကြောင်းအရ အငြင်းပွားမှုဖြစ်နေရတာ ကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်လောက်ကတည်းကစပြီး Facebook က Facial Recognition ကိုစတင်ပြီး ပုံတွေမှာ Tag တွဲခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်စတင်ပြီးနောက် လေးနှစ်အကြာ ၂၀၁၅ ခုနှစ်အရောက်မှာတော့ ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။ ပြဿနာက ရဲဝန်ထမ်းတွေဟာ Facial Recognition အသုံးပြုပြီး အများပြည်သူပိုင်နေရာတွေကို အလွန်အကျွံစစ်ဆေးခဲ့ရာက စခဲ့တာပါ။

ဒီလုပ်ရပ်ဟာ ပြည်နယ်ရဲ့ သီးသန့်တည်ရှိမှုဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ ကန့်ကွက်မှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ ဒါကြောင့် Facebook ကို တရားစွဲခဲ့ကြပြီး ၂၀၁၈ ခုနှစ်မှာ Class Action Case (အုပ်စုတစ်စုရဲ့ကိုယ်စား တစ်ဦးတစ်ယောက်က တရားစွဲဆိုခြင်း သို့မဟုတ် ခုခံကာကွယ်ခြင်း) အနေနဲ့ ဖက်ဒရယ်တရားသူကြီးက ဆုံးဖြတ်ကြားနာခဲ့ပါတယ်။

Facebook က ဒီအမှုကို ရပ်တန့်ဖို့ကြိုးစားခဲ့ပေမယ့် အယူခံတရားခုံရုံးက ပယ်ချခဲ့လို့ မအောင်မြင်ခဲ့သလို ဇန်နဝါရီလမှာ တရားရုံးချုပ်ကလည်း အယူခံကို ပြန်လည်သုံးသပ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ နောက်ဆုံးမှာ Facial Recognition အလွဲသုံးစားမှုနဲ့ အီလီနွိုက်က သုံးစွဲသူတွေကို ဒေါ်လာ သန်း ၅၅၀ (ပေါင် ၄၂၁ သန်း) ပေးဆောင်ရတော့မှာ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက Facebook အနေနဲ့ Facial Recognition နဲ့ Tag တွဲတဲ့လုပ်ဆောင်ချက်ကို ပိတ်ထားနိုင်အောင် ပြုလုပ်ပေးခဲ့ပေမယ့် ဒါကို Activate ပြုလုပ်လိုသလားလို့တော့ အတိအလင်း မေးမြန်းခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့်ပဲ အငြင်းပွားဖွယ် ပြဿနာက ပိုပြီးထင်ရှားခဲ့တာ ဖြစ်ပါတယ်။

Ref: BBC