Facebook ဟာ အသုံးပြုသူတွေကို သူတို့ရဲ့ Profile မှာ လိပ်စာ၊ ကိုးကွယ်ယုံကြည်မှု၊ နိုင်ငံရေးအမြင်၊ လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်မှု စတာတွေကို လူသိရှင်ကြား မျှဝေခွင့်ပြုထားခဲ့ပါတယ်။ ဒါပေမဲ့ လာမဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး အဆိုပါသတင်းအချက်အလက်တွေကို မျှဝေခွင့်မပြုတော့ဘူးလို့ သိရပါတယ်။

ဒီပြောင်းလဲမှုဟာ “Facebook ကို ပိုမိုလွယ်ကူစွာမောင်းနှင်သွားနိုင်ဖို့နဲ့ အသုံးပြုနိုင်ဖို့” အတွက် ကုမ္ပဏီရဲ့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ Meta က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက TechCrunch ကို ပြောဆိုခဲ့ပါတယ်။ အခုလက်ရှိအချိန်မှာတော့ အဆိုပါအကြောင်းအရာကို ဖြည့်စွက်ထားတဲ့အသုံးပြုသူတွေဆီ မကြာခင် ဖယ်ရှားတော့မယ်ဆိုတဲ့ အကြောင်းကြားချက်တွေ ပေးပို့နေတယ်လို့ သိရပါတယ်။

Facebook က ဖော်ပြပါ သတင်းအချက်အလက်ပိုင်းဆိုင်ရာ လေးခုကို ဖယ်ရှားလိုက်ခြင်းက အခြားနေရာတွေမှာ မျှဝေနိုင်မှုအပေါ် သက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ Meta ရဲ့ ပြောရေးဆိုခွင့်ရှိသူက အထူးတလည် အလေးပေးပြီးပြောခဲ့ပါသေးတယ်။ ဒီပြောင်းလဲမှုကို ဆိုရှယ်မီဒီယာ အတိုင်ပင်ခံ Matt Navarra က ပထမဆုံး အစီရင်ခံခဲ့တာလည်း ဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတာတစ်ခုကတော့ Facebook (Meta) က ဖယ်ရှားလိုတဲ့ အကြောင်းအရာနယ်ပယ် ၄ ခုဟာ Instagram နဲ့ TikTok လိုမျိုး အခြားသော လူမှုမီဒီယာပလက်ဖောင်းတွေမှာ ရှိမနေတာပဲ ဖြစ်ပါတယ်။ တစ်ဖက်ကကြည့်ရင်တော့ ကိုးကွယ်ယုံကြည်မှု၊ နိုင်ငံရေးအမြင်၊ လိင်စိတ်တိမ်းညွှတ်မှု စတာတွေဟာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေသာ ဖြစ်ကြပါတယ်။ ဒီအကြောင်းအရာတွေကို လူမှုမီဒီယာပေါ်မှာ လူသိရှင်ကြား မျှဝေလိုမှုလည်း နည်းပါးမယ်လို့ ယုံကြည်ရပါတယ်။

Ref: Phone Arena