အခုတလော ခေတ်အစားဆုံး ဂိမ်းတစ်ခုကို ပြောပါဆိုရင်တော့ PC နဲ့ PS4 ပလက်ဖောင်းတွေမှာ အသဲအသန် ကစားနေကြတဲ့ “Fall Guys” ကို ပြသရမှာပါ။ တိုတောင်းတဲ့ ကာလအတွင်း ကြီးမားတဲ့ အောင်မြင်မှုကြောင့် ဒီဂိမ်းကို Xbox နဲ့ Nintendo Switch တို့လို ပလက်ဖောင်းတွေဆီ မကြာခင် ရောက်လာမလားလို့ လူတွေက စောင့်မျှော်နေကြပါတယ်။

ဒါပေမယ့် ဂိမ်းထုတ်လုပ်သူ Mediatonic ကတော့ သူတို့ဟာ အခြား ဂိမ်းပလက်ဖောင်းတွေကို အနာဂါတ်မှာ ဖြန့်ချိလာမှာ ဖြစ်ပေမယ့် လောလောဆယ်တော့ လက်ရှိ Community နဲ့ ယုံကြည်မှု တည်ဆောက်ဖို့ကသာ သူတို့ရဲ့ ဦးစားပေး ဖြစ်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။

Fall Guys ရဲ့ ဦးဆောင် ဂိမ်းဒီဇိုင်နာ ဖြစ်တဲ့ Joe Walsh ကလည်း မကြာသေးခင်က Stream တစ်ခုမှာ နယ်ပယ်သစ်ကို မကူးပြောင်းခင် လက်ရှိ သုံးစွဲသူတွေနဲ့ အတွေ့အကြုံကို အရင် ချဲ့ထွင်ချင်သေးတယ်လို့ ဆိုခဲ့ပါတယ်။

“လက်ရှိအချိန်မှာ PlayStation နဲ့ PC ဂိမ်းကိုပဲ ဒီဂိမ်းအနေနဲ့ အကောင်းဆုံး ဖြစ်နိုင်သလောက်ထိ ကောင်းအောင် တကယ် အာရုံစိုက်နေပါတယ်” လို့ သူက ဆိုပါတယ်။ “ကွန်မြူနတီနဲ့ ယုံကြည်မှုကို အခုတည်ဆောက်ပြီး ဒီဂိမ်းကို ကျွန်တော်တို့ တကယ် ဆက်လုပ်နိုင်ပါတယ် ဆိုတာ ယုံလာစေဖို့နဲ့ တကယ်ကောင်းအောင် ဖန်တီးပေးဖို့ လိုအပ်ပါတယ်”

တကယ်လို့ အခုချိန်မှာ အခြား ပလက်ဖောင်းတွေအပေါ် ကူးပြောင်းဖို့ အာရုံစိုက်လိုက်ပြီး PS4 နဲ့ PC ပလက်ဖောင်း ပေါ်က ကစားသူတွေ အနေနဲ့ ဒီဂိမ်းရဲ့ အကောင်းဆုံး ရသကို မရရှိနိုင်တော့ရင် ကစားသူတွေကို ထိခိုက်လိမ့်မယ်လို့ သူက ရှင်းပြခဲ့ပါသေးတယ်။ ဂိမ်းထုတ်လုပ်သူတွေက ဒီလို အာရုံစိုက်ပေးတဲ့အတွက်လည်း ကစားသူတွေဟာ Update နဲ့ Fix တွေကို ဆက်တိုက် ရရှိနေရမှာ ဖြစ်လို့ ကစားရတာ ပိုပြီး ပျော်ဖို့ကောင်းမှာ အမှန်ပါပဲ။

ဒါပေမယ့် Fall Guys ကို အမြန်ဆုံး ဆော့ချင်နေမယ့် Xbox နဲ့ Nintendo ပိုင်ရှင်တွေအတွက်တော့ ဒါက သတင်းဆိုး ပါပဲ။ အနာဂါတ်မှာ ယူဆောင်လာမယ်လို့ ကတိပေးထားပြီး လက်ရှိ ဂိမ်းကို အကောင်းဆုံး ဖြစ်အောင် အာရုံစိုက်နေတဲ့ Mediatonic ကိုလည်း ချီးကျူးသင့်ပါတယ်။

Ref – Dotesports