Esports အဖွဲ့အစည်းတွေ တည်ရှိလာတာ ဆယ်စုနှစ်တစ်ခု မကတော့တာကြောင့် အခုထိ YouTube Views တစ်ဘီလီယံပြည့်တဲ့ Esports အဖွဲ့အစည်း မရှိသေးဘူးဆိုတာ တော်တော်လေး အံ့သြစရာပါ။

အခုတော့ တစ်ဘီလီယံ Views ဆိုတဲ့ နံပါတ်ကို ကျော်ဖြတ်နိုင်တဲ့ Esports အဖွဲ့အစည်း ပေါ်ထွက်လာပြီဖြစ်ပြီး သူတို့ကတော့ ဘရာဇီးနိုင်ငံအခြေစိုက် LOUD ပဲဖြစ်ပါတယ်။ LOUD အဖွဲ့အစည်းဟာ FreeFire ဂိမ်းကို အဓိက တင်လေ့ရှိပြီး FaZe Clan နဲ့ 100 Thieves တို့လို Lifestyle Content တွေလည်း တင်လေ့ရှိပါတယ်။

LOUD Esports ရဲ့ YouTube Channel ဟာ လက်ရှိမှာ Subscriber ၇.၄ သန်းရှိပြီး ဗီဒီယိုပေါင်း ၄၆၁ ခု တင်အပြီးမှာ တစ်ဘီလီယံ Views ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့နောက်မှာ ဒီမိုင်တိုင်ကိုရောက်ရှိနိုင်ဖို့ နီးစပ်နေတာက ၂၀၁၀ ခုနှစ်တည်းက YouTube ဗီဒီယိုတွေ တင်လာတဲ့ FaZe ဖြစ်ပါတယ်။ FaZe နဲ့ OpTic တို့လို အဖွဲ့အစည်းကြီးတွေက Call of Duty အပါအဝင် လူကြိုက်များ Content တွေကို YouTube ပေါ်မှာ စွဲစွဲမြဲမြဲ တင်လေ့ရှိပါတယ်။

LOUD ဟာ မိုဘိုင်း Esports အသင်းအနေနဲ့ Bruno “PlayHard” Bittencourt, Jean Ortega နဲ့ Matthew Ho တို့က ၂၀၁၉ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာပါ။ SEA ရဲ့ Dota 2 မြင်ကွင်းမှာ လူသိများတဲ့ Neon Esports ကစားသမား “PlayHard” မဟုတ်ပါဘူး။ သူတို့ဟာ Free Fire Pro League 2019 မှာ ဒုတိယနေရာကနေ ရပ်တည်နိုင်ခဲ့သလို Free Fire America Cup 2020 ကိုလည်း အနိုင်ရထားပါတယ်။

Ref – AFKGaming