Vivo NEX 3 5G ကို ပွဲထုတ်ခဲ့ပြီး နောက်ထပ်ခြောက်လလောက်အကြာမှာ Vivo ဟာ NEX 3s 5G ကို ဆက်ပြီး ပွဲထုတ်တော့မှာ ဖြစ်ပါတယ်။ တရုတ်အခြေစိုက်ကုမ္ပဏီဟာ မတ်လ ၁၀ ရက်နေ့မှာ မိတ်ဆက်မယ့် ဒီစမတ်ဖုန်းအတွက် Teaser တွေပဲ လွှတ်နေသေးတာဖြစ်ပြီး အချက်အလက်တွေကိုတော့ တရားဝင်ထုတ်ဖော်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ရက်က NEX 3s 5G ရဲ့ အချက်အလက်အချို့ ပေါက်ကြားထွက်ပေါ်ခဲ့ပေမယ့် Vivo ကတော့ တစ်စုံတစ်ရာ မှတ်ချက်မပေးဘဲ သူ့ရဲ့အစီအစဉ်အတိုင်း NEX 3s 5G Teaser Video ကိုပဲ လွှတ်ခဲ့ပါတယ်။ ဒီဗီဒီယိုကလည်း စမတ်ဖုန်းနဲ့ပတ်သက်တဲ့ အစိတ်အပိုင်းအကြောင်း ဘာတစ်ခုမှ ထုတ်မပြသွားဘဲ Waterfall Display အကြောင်းကိုပဲ ဦးစားပေး ဖော်ပြသွားတာ တွေ့ရပါတယ်။

ပေါက်ကြားသတင်းက ဖော်ပြတဲ့ အချက်အလက်တွေအရ Vivo NEX 3s 5G ဟာ Snapdragon 865 SoC အသုံးပြုထားမယ်လို့ သိရပါတယ်။ ဒါကိုမှ 8GB of RAM နဲ့ တွဲဖက်ပေးထားတာပါ။ မျက်နှာပြင်က 440 ppi density Full HD+ resolution ဖြစ်ပြီး Android 10 မောင်းနှင်ထားပါတယ်။

ပေါက်ကြားလာတဲ့ ရုပ်ပုံမှာ Selfie ကင်မရာအတွက် Punch-hole တွေ၊ Notch တွေမမြင်ရတာကြောင့် Elevating Mechanism ပဲဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ TENAA အရ NEX 3s 5G ဟာ ကျောဘက်မှာ (64MP+13MP+13MP) ကင်မရာသုံးလုံး တပ်ဆင်ထားမယ်လို့ သိရပါတယ်။ ဘက်ထရီကတော့ 4,250mAh ပမာဏဖြစ်ပါလိမ့်မယ်။

Ref: GSM Arena