COVID-19 ကြောင့် အရမ်းလိုအပ်လာတာက အသက်ရှူစက်တွေ ဖြစ်ပါတယ်။ မလုံလောက်တဲ့အတွက် နိုင်ငံအစိုးရတွေက အသက်ရှူစက်တွေ တိုးမြှင့်ထုတ်လုပ်ဖို့ နည်းလမ်းတွေကို ရှာဖွေနေကြပါတယ်။ ကုန်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေက Facemasks နဲ့ အသက်ရှူစက်တွေလို အရေးပေါ် ကျန်းမာရေး ကိရိယာတွေကို ပူးပေါင်း  ထုတ်လုပ်လာကြပါတယ်။ ကား ကုမ္ပဏီ GM နဲ့ Ford တို့ကလည်း အသက်ရှူစက်တွေကို မကြာခင်က ကူညီ ထုတ်လုပ်ပေးလာကြပါတယ်။

အခုတော့ ကိုယ်လက်လှုပ်ရှားမှု တိုင်းတာတဲ့ Wearable ထုတ်လုပ်သူ Fitbit က အရေးပေါ် အသက်ရှူစက်တွေ ထုတ်လုပ်ဖို့အတွက် ကုမ္ပဏီရဲ့ Supply Chain ကို သုံးမယ်လို့ ကြေညာလိုက်ပါတယ်။ ကုမ္ပဏီ စီအီးအို James Park က လိုအပ်တဲ့ Supply Chain တွေ ရထားပြီးပြီလို့ CNBC ကို ပြောပါတယ်။

CNBC က Fitbit ဟာ အရေးပေါ် သုံးဖို့ အသက်ရှူစက် ဒီဇိုင်းကို အမေရိကန် FDA ထံ လာမယ့်ရက်ပိုင်းအတွင်း တင်ပြဖို့ စီစဉ်နေတယ်လို့  ပြောပါတယ်။ အရေးပေါ်သုံးဖို့ ဆိုတာ FDA က ရာနှုန်းပြည့် ခွင့်ပြုတာ မဟုတ်ပေမယ့် အသက်အန္တရာယ်ရှိလာချိန်မှာ သုံးခွင့်ပေးတာ ဖြစ်ပါတယ်။

Park က ကုန်ကျစားရိတ်နည်းပြီး အဆင့်မြင့်တဲ့ အသက်ရှူစက်တွေ ထုတ်လုပ်ဖို့ ရည်ရွယ်ထားပေမယ့် ဈေးနှုန်းကို မဆုံးဖြတ်ရသေးပါဘူး။ အသက်ရှူစက် အများစုဟာ ဒေါ်လာ ထောင်ဂဏန်းရှိပြီး စွမ်းရည်မြင့် စက်တွေဆိုရင် ဒေါ်လာ ၅ သောင်းလောက်တောင်ရှိပါတယ်။

Ref : gizmochina