Esports နဲ့ အသက်မွေးဝမ်းကြောင်းပြုသူတွေ ပေါ်လာတဲ့နောက် ထူးချွန်တဲ့ ကစားသမားတွေကို အသင်းပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူတာလည်း ရှိပေမယ့် များသောအားဖြင့် ပြောင်းရွှေ့ကြေးနဲ့ လစာ စတဲ့ အချက်အလက်တွေကို ဖော်ပြကြလေ့မရှိပါဘူး။

ဒီတစ်ခါတော့ Forbes ကနေ CIS အခြေစိုက်ကစားသမား RAMZES666 အား မြောက်အမေရိကအခြေစိုက် Esports အသင်း Evil Geniuses (EG) ကနေ ခေါ်ယူခဲ့တဲ့ အချက်အလက်တွေကို ဖော်ပြလာခဲ့ပါတယ်။ RAMZES ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး သူနာမည်ရလာတဲ့ Virtus.Pro အသင်းကနေ ခေါ်ယူဖို့ EG ဟာ အမေရိကန်ဒေါ်လာ ၇၅၀၀၀ ထိ အသုံးပြုခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူတို့ရဲ့ဖော်ပြချက်မှာ Dota 2 Pro ကစားသမားတွေရဲ့ ပျမ်းမျှလစာကိုလည်း ဗဟုသုတရစရာ ဖော်ပြထားပါတယ်။ လက်ရှိထိပ်တန်းကစားသမားတစ်ယောက်ရဲ့ လစာဟာ ဒေါ်လာ ၃၅၀၀၀ ထိရှိပေမယ့် ဒီလောက်ထိရတဲ့ ကစားသမား တော်တော်နည်းတယ်လို့ဆိုပါတယ်။

ပျမ်းမျှ Dota 2 Pro ကစားသမားတစ်ယောက်ရဲ့ လစာက ဒေါ်လာတစ်သောင်းမှ တစ်သောင်းခွဲအတွင်း ရှိပြီး လူသစ်တွေက ဒေါ်လာ ၂၀၀၀ မှ ၅၀၀၀ အတွင်း ရလေ့ရှိတယ်လို့ဆိုပါတယ်။ သေးငယ်တဲ့ အဖွဲ့အစည်းတွေကတော့ ဒီထက် ပိုနည်းသေးပြီး ဒေါ်လာ ၅၀၀ မှ ၁၀၀၀ ကြား ပေးလေ့ရှိတယ်လို့ ဖော်ပြထားပါတယ်။

ရုရှားနာမည်ကျော်တစ်ဦးဖြစ်တဲ့ V1lat ကလည်း Virtus.Pro အသင်းက RodjER ကိုခေါ်ယူခဲ့စဉ်မှာ ဒေါ်လာတစ်သိန်းလောက် သုံးခဲ့ရပြီး RAMZES ကိုရောင်းချရာမှာတော့ ဒေါ်လာတစ်သိန်းအောက်သာ ရခဲ့တယ်လို့ ပြောခဲ့ဖူးပါတယ်။

ဒါက အနောက်တိုင်း Dota 2 Pro မြင်ကွင်းကို အခြေခံထားတာဖြစ်ပြီး တရုတ် Esports ကစားသမားတွေကတော့ ပြောင်းရွှေ့ကြေးရော၊ လစာပါ ဒီထက်ပိုများပါတယ်။ နာမည်ကျော်ကစားသမား Xiao8 နဲ့ BurNIng တို့ပါဝင်တဲ့ Stream တစ်ခုမှာ LGD အသင်းသားဟောင်း Ame ရဲ့ ပြောင်းရွှေ့ကြေးဟာ ဒေါ်လာသုံးသန်းထိ ရှိခဲ့တယ်လို့ ပြောခဲ့ဖူးတာကြောင့် RAMZES အပါအဝင် အနောက်တိုင်းပြောင်းရွှေ့ကြေးတွေထက် အများကြီး ပိုများတဲ့ သဘောပါ။

၂၀၁၅ ခုနှစ်တုန်းက ViCi Gaming ဟာ Ti4 ချန်ပီယံ Newbee မှ Hao ကိုခေါ်ယူဖို့ အမေရိကန်ဒေါ်လာ တစ်သိန်းခွဲနီးပါး အသုံးပြုခဲ့ပြီး သူ့ရဲ့အသင်းဖော် Xiao8 ကို ၂၀၁၅ မှာပဲ LGD က ခေါ်ယူရာမှာ ဒေါ်လာသုံးသိန်းနီးပါး ပေးချေခဲ့ရပါတယ်။

Ref – AFKGaming