iPad ချစ်သူတွေအတွက် ၂၀၂၃ မှာ ဘာမှ မျှော်လင့်စရာ မရှိတော့ပါဘူး။ Apple ဟာ ဒီနှစ်ထဲမှာ iPad mini အတွက် New refresh ထုတ်တော့မှာမဟုတ်ဘဲ ၂၀၂၄ မှပဲ ထုတ်ပေးတော့မယ်လို့ Ming-Chi Kuo က ပြောပါတယ်။ ဒါပေမဲ့ ၂၀၂၄ မှာထွက်မဲ့ iPad သစ်တွေက အများကြီးပိုကောင်းလာမယ်လို့လည်း ဆိုပါတယ်။

ဟုတ်ပါတယ်။ ၂၀၂၄ မှာ Foldable iPad ထွက်မယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ Apple က iPad mini အတွက်လည်း Refresh လုပ်ဖို့ စီစဉ်နေတာပါ။ Kuo ရဲ့ အဆိုအရ Slate သစ်အတွက် အစုလိုက်အပြုံလိုက်ထုတ်လုပ်မှုကို ၂၀၂၄ ပထမ သုံးလပတ်မှာ စတင်ပြီး အဲဒီနှစ်နှောင်းပိုင်းမှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ ကနဦးခန့်မှန်းချက်က ၂၀၂၃ နှစ်ကုန်၊ ဒါမှမဟုတ် ၂၀၂၄ ပထမနှစ်ဝက်မှာ ရောင်းချမယ်လို့ မျှော်လင့်ထားပေမဲ့ Kuo က သူ့ခန့်မှန်းချက်ကို ပြန်ပြင်လိုက်တာ ဖြစ်ပါတယ်။

iPad mini ရဲ့ အဓိက Refresh လုပ်မဲ့အပိုင်းက Hardware ပိုင်း ဖြစ်တယ်လို့ Kuo က ပြောပါတယ်။ iPad mini အသစ်ဟာ CPU အသစ်နဲ့ ထွက်လာမှာဖြစ်ပြီး Apple A16 Bionic ကို သုံးထားမယ်လို့ သိရပါတယ်။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ပြီးခဲ့တဲ့ ၂၀၂၁ စက်တင်ဘာက iPad mini ဟာ Apple A15 Bionic CPU နဲ့ ဖြစ်ပါတယ်။ တက်ဘလက်ရဲ့ တခြားကဏ္ဍတွေမှာတော့ ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှုကို မျှော်လင့်ထားလို့ မရတဲ့ပုံပါပဲ။

၂၀၂၄ ရဲ့ iPad mini မှာလည်း ၂၀၂၁ တုန်းက iPad mini လိုပဲ 8.3-inch မျက်နှာပြင်၊ USB Type-C, Touch ID ပါဝါခလုတ်နဲ့ ဆယ်လူလာဗားရှင်းမှာ 5G စတာတွေပဲ ထောက်ပံ့လာမယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမဲ့ ကိုရီးယားက Leakster တစ်ဦးကတော့ iPad mini 2024 version မှာ ProMotion display tech ကို အသုံးပြုလာမယ်လို့ ဟောကိန်းထုတ်ထားပါတယ်။ ဒါဟာ 120Hz refresh rate အထိ ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။

Display Analyst Ross Young ကတော့ Apple ဟာ iPad mini7 ကို လုပ်ဆောင်နေတယ်လို့ ပြောပေမဲ့ ProMotion နည်းပညာမပါဘူးလို့ ဆိုထားပြန်ပါတယ်။ ဒါကြောင့် ဘယ်သတင်းက အမှန်ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရဦးမှာလည်း ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လာမဲ့နှစ်တွေအတွင်းမှာ Foldable iPhone လည်း ထွက်လာနိုင်ပြီး၊ ဒီ Foldable iPhone တွေက iPad mini series တွေနေရာမှာ အစားထိုးလာနိုင်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

Ref: Gizchina