လက်ရှိ Apple iPhone တွေကို အဓိကထုတ်လုပ်နေတဲ့ Foxconn ဟာ တရုတ်နိုင်ငံမှာရှိတဲ့စက်ရုံအလုပ်သမားအကုန်လုံး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြန်လည်အလုပ်လုပ်ကိုင်ခြင်းမရှိတဲ့အတွက် ထုတ်လုပ်တဲ့နေရာမှာ နှောင့်နှေးမှုတွေကို အခုအချိန်အထိ ကြုံတွေ့နေရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Foxconn ကနေ တရုတ်မှာရှိတဲ့ ထုတ်လုပ်မှုတွေအကုန်လုံးကို လာမယ့်မတ်လအကုန်မှာ ပုံမှန်အတိုင်းပြန်လည် လည်ပတ်နိုင်တော့မယ်လို့ ပြောကြားလိုက်ပြီဖြစ်ပါတယ်။ Foxconn ရဲ့ ပြောကြားချက်အရ လက်ရှိအချိန်မှာ အလုပ်သမားဦးရေရဲ့ တဝက်ခန့်က လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်နေပြီဖြစ်တယ်လို့ သိရပါတယ်။

Foxconn ရဲ့ အခုလိုမျိုး ပြောကြားလိုက်တာက လက်ရှိတရုတ်နိုင်ငံတွင်းမှာလည်း ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုအနည်းငယ်နှေးကွေးသွားတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံပေါင်း ၇၇ နိုင်ငံမှာရှိတဲ့ လူအယောက် ၉ သောင်းကျော်ကို ကူးစက်ထားပြီး သေဆုံးသူပေါင်း ၃,၁၀၀ ကျော်အထိ ရှိနေပြီလည်းဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Foxconn ပြောသလိုသာ လာမယ့်မတ်လအကုန်မှာ iPhone အပါအဝင်ထုတ်လုပ်မှုတွေအကုန်လုံးကို ပုံမှန်အတိုင်းပြန်လည် လည်ပတ်သွားနိုင်မယ်ဆိုရင် Apple အတွက်လည်း လာမယ့် မတ်လကုန်ပိုင်းလောက်မှာ ကြေညာသွားမယ့် iPhone 9 ကလည်း မျှော်မှန်းထားသလို ရောင်းအားကောင်းဖို့များပါတယ်။

Ref – The Verge