Apple iPhone တွေကို ထုတ်လုပ်ပေးနေတဲ့ Foxconn ဟာ တရုတ်နိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်စ်လို့ လူသိများတဲ့ ကိုရိုနာဗိုင်းရပ်စ် (coronavirus) ကြောင့် ထုတ်လုပ်မှုကို ထိခိုက်မှာမဟုတ်ဘူးဆိုပြီး အစောပိုင်းက ပြောကြားခဲ့ပေမယ့် အခုအချိန်မှာတော့ တရုတ်အစိုးရရဲ့ ဖိအားကြောင့် ပိတ်သိမ်းထားရပြီဖြစ်ပါတယ်။

ဒါက Apple အတွက်တော့ iPhone တွေထုတ်လုပ်မှုမှာ ပိုပြီးထိခိုက်လာနိုင်ပြီးတော့ အခုအချိန်မှာတောင်မှ Apple ကနေ လာမယ့် ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ Apple Store တွေနဲ့ ရုံးတွေကို ပိတ်ထားပြီးဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Foxconn စက်ရုံတွေမပိတ်သိမ်းခင်မှာတင် ရောင်းအား ၁၀ ရာခိုင်နှုန်းခန့်ကျဆင်းမယ်လို့ ခန့်မှန်းထားတဲ့အတွက် အခုဆိုရင် ပိုပြီးတောင် ရောင်းအားကျဆင်းနိုင်ခြေရှိနေပါတယ်။

Foxconn ကတော့ သူ့ရဲ့ Hubei Province မှာရှိတဲ့ စက်ရုံတွေကို လာမယ့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ ပိတ်ထားမယ်ဆိုပေမယ့် iPhone ထုတ်လုပ်မှုတွေကို တခြားသော Vietnam ၊ India နဲ့ Mexico နိုင်ငံတွေမှာရှိတဲ့ စက်ရုံတွေကို ရွေ့ပြောင်းထုတ်လုပ်ပြီး ကွာဟမှုနည်းပါးအောင် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး ဝူဟန်ဗိုင်းရပ်စ်ပျံ့နှံ့မှုဟာ တရုတ်နိုင်ငံစမတ်ဖုန်းစျေးကွက်ကို သိသိသာသာထိခိုက်နေတာပဲဖြစ်ပါတယ်။

Ref – GSM Arena