Apple iPhone တွေကို ထုတ်လုပ်တပ်ဆင်ပေးနေတဲ့ Foxconn ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက ဝူဟန်ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် စက်ရုံတွေကို ခတ္တပိတ်သိမ်းခဲ့ရပြီး iPhone ထုတ်လုပ်မှုတွေကိုလည်း ရပ်ဆိုင်းခဲ့ရပါတယ်။ အခုအချိန်မှာတော့ iPhone ထုတ်လုပ်မှုတွေကို ပြုလုပ်နေတဲ့ စက်ရုံတွေထဲကမှ အကြီးဆုံးဖြစ်တဲ့ Zhengzhou မှာရှိတဲ့ စက်ရုံကို ပြန်လည်ထုတ်လုပ်မှု စတင်ဖို့ခွင့်ပြုလိုက်ပြီဖြစ်ပေမယ့် အခြေအနေမကောင်းတဲ့ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် အဆိုပါ စက်ရုံလုပ်သားအရေအတွက် ၁၆,၀၀၀ ဝန်းကျင်လောက်ပဲ အလုပ်ပြန်လာဆင်းတာဖြစ်ပြီး အဆိုပါအရေအတွက်ဟာ Foxconn ရဲ့ ပုံမှန် iPhone ထုတ်လုပ်တဲ့လုပ်အားရဲ့ ၁၀ ရာခိုင်နှုန်းဝန်းကျင်ပဲရှိနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Foxconn စက်ရုံပြန်ဖွင့်ပေမယ့်လည်း ယခင်လိုမျိုး ထုတ်လုပ်နိုင်ဖို့က ခက်ခဲနေဦးမှာပါ။

ဒါတင်မဟုတ်သေးဘဲ Foxconn ရဲ့ Shenzhen မှာရှိတဲ့စက်ရုံကိုလည်း တရုတ်နိုင်ငံအစိုးရဘက်ကနေ သန့်ရှင်းမှုလိုအပ်နေသေးတဲ့အတွက် ပြန်လည်ထုတ်လုပ်မှုစတင်ဖို့ကို ဆိုင်းငံ့ခံထားရဆဲဖြစ်ပါတယ်။ အဲ့ဒီအတွက်လာမယ့်အပတ် ကျန်းမာရေးစစ်ဆေးမှုကို အောင်မြင်မှသာ အဆိုပါ Shenzhen စက်ရုံလည်း ပြန်လည်လည်ပတ်နိုင်မှာဖြစ်ပါတယ်။

Apple ဟာ လာမယ့် မတ်လအတွင်းမှာ iPhone 9 ကို မိတ်ဆက်သွားဖို့ရှိနေပြီးတော့ လက်ရှိအချိန်မှာ Trial Production အသစ်စတင်နေပြီဖြစ်သလို ရောင်းချမယ့်အချိန်မှာလည်း အလုံးရေ သန်း ၃၀ လောက်ကို Foxconn ကို အမှာစာတင်သွင်းထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် iPhone 9 ရောင်းချမယ့်အချိန်ရော မိတ်ဆက်မယ့်အချိန်မှာ နောက်ကျနိုင်ပါတယ်။

လောလောဆယ်မှာ ကျွမ်းကျင်ပညာရှင်တွေက အခု ဝူဟန်ဗိုင်းရပ်စ်ကြောင့် iPhone ထုတ်လုပ်မှုနှုန်းက ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Ref – Phone Arena