Google Pixel Fold ကို ၂၀၂၁ ခုနှစ်မှာ ကြေညာမယ်လို့ ကောလာဟလထွက်ခဲ့ ဖူးပါတယ်။ ဒါပေမဲ့ ၂၀၂၂ ခုနှစ်အထိ ကြန့်ကြာနေခဲ့ပါတယ်။ ကုမ္ပဏီကတော့ နှောင့်နှေးနေရတဲ့အကြောင်းရင်းကို ထုတ်မပြောပေမဲ့ ဒါဟာ ကမ္ဘာလုံးဆိုင်ရာ Chip ပြတ်လပ်မှုနဲ့ ဆက်နွယ်နေမယ်လို့ ယုံကြည်ရပါတယ်။

အခုဆိုရင် ၂၀၂၂ ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်ထဲကိုတောင် ရောက်နေပါပြီ။ ဒါကြောင့် Google Pixel Fold ကို ဖြန့်ချိတော့မယ်လို့ မျှော်လင့်နေရမယ့်အချိန်ကို ရောက်သင့်နေပါပြီ။ ပြီးခဲ့တဲ့နှစ် Pixel 6 နဲ့ 6 Pro ကို ပွဲထုတ်ခဲ့ချိန်ကစပြီး Foldables တွေဟာ Pixel 7 စီးရီးနဲ့အတူ ထွက်လာမယ်လို့ မျှော်လင့်နေခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ Google က အားလုံးမျှော်လင့်နေတဲ့ Pixel Fold ထွက်ရှိမှုနဲ့ပတ်သက်ပြီး အတည်ပြုချက် တစ်စုံတရာ မပေးသေးပါဘူး။ တစ်ဖက်မှာတော့ တရုတ်လူမှုကွန်ရက်ဖြစ်တဲ့ Weibo ပေါ်က ယုံကြည်စိတ်ချရတဲ့ Tipster ကတော့ Tip တစ်ခု ပေးထားတာ တွေ့ရပါတယ်။

Google ဟာ သူတို့ရဲ့ ပထမဆုံး Foldable ကို ၂၀၂၂ ခုနှစ် နောက်ဆုံးသုံးလပတ်အတွင်း ဖြန့်ချိဖို့ စီစဉ်နေတယ်လို့ Digital Chat Station က ပြောခဲ့တာပါ။ Digital Chat Station ရဲ့ အဆိုအရ Foxconn ဟာ Pixel Fold နဲ့ Pixel 7 စီးရီးတို့ကို ကိုင်တွယ်မဲ့ ကုမ္ပဏီဖြစ်တယ်လို့ သိရပါတယ်။

Foxconn ဟာ ၁၉၇၄ ခုနှစ်ကတည်းက ထူထောင်ထားတဲ့ ထိုင်ဝမ်ကုမ္ပဏီတစ်ခုဖြစ်ပြီး Chipset နဲ့ အီလက်ထရောနစ်ပစ္စည်းတွေလည်း ထုတ်လုပ်ပါတယ်။ လက်ရှိမှာ စုစုပေါင်း ဝန်ထမ်းဦးရေ ၁.၂၉ သန်းကျော်ရှိပြီး $193 ဘီလီယံ တန်ကြေးရှိ ကုမ္ပဏီကြီးလည်း ဖြစ်ပါတယ်။

အပြင်သတင်းတွေအရ Pixel Fold ဟာ 2K display နဲ့ဖြစ်ပြီး အရှေ့ကင်မရာအတွက် Punch Hole Cutout ပါဝင်မယ်လို့ သိရပါတယ်။ အနောက်ကင်မရာကတော့ 50MP periscope lens နဲ့ဖြစ်ပြီး Sony IMX787 secondary ကင်မရာလည်း ပါဝင်မှာ ဖြစ်ပါတယ်။ Google ဟာ သူ့ရဲ့ Foldable အတွက် Tensor SoC အသုံးပြုထားပေမဲ့ Tensor 2 ဖြစ်မယ်လို့လည်း ဆိုထားပါတယ်။

Ref: Gizchina