Galaxy A53 ဟာ Samsung ရဲ့ Mid-range ထဲကမှ ပရီမီယံ အမျိုးအစားသစ် ဖြစ်လာပါလိမ့်မယ်။ Galaxy A53 နဲ့ပတ်သက်တဲ့အချက်အလက်တွေက လွန်ခဲ့တဲ့လေးလကတည်းက ပေါက်ကြားထွက်ပေါ်ခဲ့ဖူးသလို၊ သိပ်မကြာခင်ကလည်း ဟန်းဆက်ရဲ့ ဒီဇိုင်းနဲ့အရောင်ကွဲတွေအကြောင်း သတင်းထွက်ပေါ်လာခဲ့ပါသေးတယ်။

အခုနောက်ဆုံးထွက်လာတာကတော့ Galaxy A53 ရဲ့ Processor နဲ့ Memory အကြောင်း အချက်အလက်အချို့ ဖြစ်ပါတယ်။ Galaxy A53 US မျိုးကွဲဟာ မော်ဒယ်နံပါတ် (SM-A536U) နဲ့အတူ Geekbench မှာ ပေါ်ပေါက်လာတာပါ။ ဒါကြောင့် ဟန်းဆက်ရဲ့ Operating system, processor, GPU နဲ့ RAM အကြောင်းတွေကို သိရှိလာရပါတယ်။

Galaxy A53 ဟာ Android 12 မောင်းနှင်ထားတာကိုတွေ့ရပြီး Exynos 1200 processor (codename S5E8825) အသုံးပြုထားတာကိုလည်း တွေ့ရပါတယ်။ ရမှတ်ကတော့ Single-core မှာ 690 နဲ့ Multi-core မှာ 1,846 မှတ် ရရှိထားတာ ဖြစ်ပါတယ်။ 6GB of RAM ကို ထောက်ပံ့ထားတာတွေ့ရပေမဲ့ သိုလှောင်မှုပမာဏနဲ့ပတ်သက်တဲ့ အချက်အလက်ကိုတော့ တွေ့မြင်ရခြင်းမရှိပါဘူး။

Exynos 1200 မှာ CPU cores ၈ ခုပါဝင်ပါတယ်။ CPU cores ၂ ခုကတော့ 2.4GHz clock speed ဖြစ်ပြီး ကျန် Cores တွေကတော့ 2GHz တွေဖြစ်ကြပါတယ်။ GPU ကတော့ ARM Mali-G68 ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဂိမ်းကစားလိုသူတွေအတွက်တော့ ပြည့်ဝတဲ့စိတ်ကျေနပ်မှုနဲ့ ဝေးနေဦးမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Samsung ရဲ့ တရားဝင်ထုတ်ပြန်ချက်ကို စောင့်ကြည့်ရဦးမှာပါပဲ။

Galaxy A53 ဟာ 6.5-inch Super AMOLED Infinity-O မျက်နှာပြင်တပ်ဆင်ထားပြီး Full HD+ ရုပ်ထွက်နဲ့ 120Hz refresh rate တို့ ထောက်ပံ့ထားမယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။ In-display fingerprint, IP68 rating နဲ့ Stereo speakers တွေ ပါဝင်မယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ 3.5mm headphone jack တော့ ပါဝင်လာခြင်းရှိမှာမဟုတ်ပါဘူး။

ကျောဘက်မှာ 64MP အဓိကကင်မရာအပါအဝင် ကင်မရာလေးလုံး တပ်ဆင်ထားမယ်လို့ သိရပြီး၊ 5,000mAh ဘက်ထရီကိုလည်း ထောက်ပံ့ပေးထားမယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ Galaxy A53 ကို အလုံးအရင်းလိုက်ထုတ်လုပ်နေပြီဖြစ်တဲ့အတွက် မကြာခင်အချိန်အတွင်း ဈေးကွက်ထဲကိုရောက်ရှိတော့မှာလည်း ဖြစ်ပါတယ်။

Ref: SamMobile