မော်ဒယ်နံပါတ် SM-F415F/DS အမည်နဲ့ Samsung ဟန်းဆက်တစ်ခုဟာ Wi-Fi Alliance အတည်ပြုချက် ရယူလာခဲ့ပြီး ဘယ်အမျိုးအစားထဲကလဲ ဆိုတာ မသိရသေးပေမယ့် သူ့ရဲ့ မော်ဒယ်နံပါတ်ကတော့ Galaxy Fold စမတ်ဖုန်း တစ်လုံးလို့ ယူဆစရာ ဖြစ်နေပါတယ်။

ပထမဆုံး မျိုးဆက် Galaxy Fold ဟာ F900 နဲ့ ထွက်ရှိခဲ့ပြီး Galaxy Z Flip ကတော့ F700 ဖြစ်ပါတယ်။ အခု တွေ့ရတဲ့ SM-F415F/DS ဟန်းဆက်ကတော့ F400 နဲ့ စတဲ့အတွက် စျေးပိုချိုသာတဲ့ Fold စီးရီးဝင် ဖြစ်မှာပါ။ ဒီဖုန်းကို Galaxy Fold Lite လို့ ခေါ်ဆိုဖို့ မျှော်လင့်ထားပြီး မနှစ်တုန်းက Samsung ဟာ Galaxy Fold ထက် စျေးပိုသက်သာတဲ့ ဗားရှင်းကို ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်ထားခဲ့ပါတယ်။

အခြား ဘတ်ဂျက်ဖုန်းတွေနဲ့ ယှဉ်ရင် စျေးသက်သာတယ်လို့ ဆိုနိုင်မှာ မဟုတ်ပေမယ့်လည်း Samsung Galaxy Fold ဖုန်းတွေက ဒေါ်လာ ၂၀၀၀ ကျော်လောက် ကျသင့်နေချိန်မှာ Fold Lite ဟာ ဒေါ်လာ ၁၀၀၀ ဝန်းကျင်နဲ့ ရောင်းချလာနိုင်ပါတယ်။

မော်ဒယ်နံပါတ်ထဲမှာ “1” ပါဝင်တဲ့အတွက် ဒုတိယမျိုးဆက် Fold မော်ဒယ်တစ်ခု ဖြစ်လာနိုင်ပြီး Galaxy Z Fold2 မှာ မော်ဒယ်နံပါတ် F91 နဲ့ စတင်ထားခဲ့ပါတယ်။ ဒါ့ကြောင့် ပထမ မျိုးဆက် Galaxy Fold ကို အမည်ပြောင်းလဲ ထုတ်လာမှာ မဖြစ်နိုင်ပါဘူး။ Wi-Fi Alliance ရဲ့ အတည်ပြုချက်ထဲမှာ Wi-Fi 6 ထောက်ပံ့မပေးဘူးလို့လည်း ဖော်ပြထားပြီး “Lite” မော်ဒယ် ဖြစ်တာကြောင့် Flagship အဆင့် ချစ်ပ်ဆက် အသုံးပြုလာမှာ မဟုတ်လို့ ဖြစ်မှာပါ။

Ref – GizmoChina